October 21, 2024

၆.၆.၂၀၂၄
Translated by Htwe Ko Tun

နာမည်ကျော် YouTuber မော်ရိုကိုနိုင်ငံသားတစ်ဦးဟာ မြန်မာနိုင်ငံအတွင်းက ကျားဖြန့်ခေါ် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေရဲ့ အဓမ္မခေါ်ဆောင်ပြန်ပေးဆွဲမှုခံခဲ့ရတယ်လို့ ယူဆရတဲ့ မော်ရိုကိုနိုင်ငံသား ၁၄၀ ရဲ့သတင်းရယူဖို့ ရွှေတြိဂံနယ်မြေသို့ သွားရောက်လည်ပတ်ပြီးနောက်မှာ ပျောက်ဆုံးသွားခဲ့တယ်လို့ သတင်းတွေကဖော်ပြခဲ့ကြပါတယ်။

New Battuta လို့လည်းသိကြတဲ့ YouTuber မော်ရိုကိုနိုင်ငံသား အဒမ်တော်ဖစ်(Adam Taoufiq) ဟာ မြန်မာနိုင်ငံအတွင်း အန္တရာယ်ထူပြောလှတဲ့ ရွှေတြိဂံနယ်မြေကို ခရီးထွက်လာခဲ့ပြီးနောက် ပျောက်ဆုံးနေခဲ့တာလို့လည်း သိရပါတယ်။

မော်ရိုကိုနိုင်ငံက သတင်းဝက်ဘ်ဆိုတ် Hespress ကတော့ တော်ဖစ်ရဲ့ မိသားစုက သူနဲ့ မေလ ၂၃ ရက်မှာနောက်ဆုံးအဆက်အသွယ်ရခဲ့တယ်လို့ ပြောခဲ့ပါတယ်။ အဲဒီတုန်းက အဖေဖြစ်သူကို သူက ဗီယက်နမ်မှာရှိနေပြီး လာအိုကိုဆက်သွားမယ်လို့ ပြောခဲ့တယ်လို့ဆိုပါတယ်။ ဒါ့ပြင် Hespress က တော်ဖစ်ဟာ ခရီးသွားလို့ရှိရင် အမြဲတန်းလိုလို မိသားစုကို ပုံမှန်ဆက်သွယ်လေ့ရှိတဲ့သူဖြစ်လို့ သူ့ရဲ့မိသားစုအနေနဲ့ ပိုလို့စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

သူ့လိုပဲ YouTube ဝက်ဘ်ဆိုတ် အသုံးချသူ မော်ရိုကိုနိုင်ငံသားတစ်ဦးဖြစ်ပြီး တော်ဖစ် ပျောက်ဆုံးမှု မဖြစ်ခဲ့မီအထိ အတူရှိနေခဲ့တဲ့ အမ်ဂျတ် ရာမီ(Amjad Rami) ကတော့ “တော်ဖစ်ဟာ ကျွန်တော်နဲ့အတူ ဗီယက်နမ်မှာ အတူရှိနေခဲ့တာဖြစ်ပြီး သူ့အနေနဲ့ ရွှေတြိဂံနယ်မြေကိုသွားချင်တယ်လို့ ကျွန်တော့်ကိုပြောခဲ့တာပါ”လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။

ရွှေတြိဂံနယ်မြေက မြန်မာ၊ ထိုင်းနဲ့ လာအို သုံးနိုင်ငံနယ်စပ်တွေနဲ့ထိနေကာ လက်နက်ကိုင်အဖွဲ့တွေ ထကြွသောင်းကျန်းရာနေရာလည်း ဖြစ်ပါတယ်။ နိုင်ငံခြားသားတွေဆိုရင် ဒီနယ်မြေကိုလာကြရင် သူတို့ရဲ့ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့တွေကို မကြာခဏဆိုသလို လက်နက်ကိုင်အဖွဲ့တွေက သိမ်းယူတတ်ကြပါတယ်။

လက်ရှိမှာလည်း မော်ရိုကိုနိုင်ငံသား အနည်းဆုံး ၁၄၀ လောက်က အလုပ်အကိုင်ကောင်းကောင်းရမယ်လို့ဖြားယောင်းခေါ်ဆောင်မှုကို ယုံကြည်ကြပြီး ဒီနယ်မြေကို ရောက်လာခဲ့ကြရာက လက်နက်ကိုင်အဖွဲ့တွေရဲ့ အဓမ္မပြန်ပေးဆွဲခေါ်ဆောင်ထားခြင်းခံရတယ်လို့ ယုံကြည်ရပါတယ်။ တချို့ သတင်းတွေကဆိုရင် သူတို့လိုပဲ အများအပြားဟာ လက်နက်ကိုင်အဖွဲ့တွေရဲ့ ကျားဖြန့်အွန်လိုင်း လိမ်လည်မှုစခန်းတွေမှာ တစ်နေ့ကို ၁၂ နာရီလောက် အလုပ်လုပ်နေကြရတယ်လို့ဖော်ပြခဲ့ကြပါတယ်။

ဒါ့ပြင် သူတို့ကို ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့လည်း တွေ့ကြုံနေကြရဖွယ်ရှိသလို လက်နက်ကိုင်အဖွဲ့တွေက သူတို့ပြန်လွတ်ဖို့ တစ်ဦးကို ပြန်ရွေးငွေ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ပေးရမယ်လို့ တောင်းဆိုနေပါတယ်။

မော်ရိုကိုနိုင်ငံအာဏာပိုင်တွေက ဒီဖြစ်ရပ်တွေမှာ တရားရေးလမ်းကြောင်းက စုံစမ်းမှုတွေပြုနေပြီး ဖမ်းဆီးပြန်ပေးဆွဲခံထားရသူတွေရဲ့ မိသားစုတွေဆီက သက်သေခံချက်၊အထောက်အထားတွေလည်းရယူထားပါတယ်။ ဒါ့ပြင် မော်ရိုကိုနိုင်ငံသားတွေကို အင်တာနက်လိမ်လည်မှုလုပ်ငန်းတွေနဲ့ အွန်လိုင်းကနေ အလုပ်ကောင်းကောင်းရမယ်လို့ ဖြားယောင်းခေါ်ဆောင်မှုတွေကို သတိထားကြဖို့လည်း သတိပေးထားပါတယ်။

Ref- The Arab News

ပုံစာ။ ပျောက်ဆုံးနေသော နာမည်ကျော်မော်ရိုကို YouTuber New Battuta ပုံရိပ်။

Leave a Reply

Your email address will not be published. Required fields are marked *