October 21, 2024

၆.၆. ၂၀၂၄

Written by Thettant

မြိတ်မြို့မှာ ဒီနေ့ ဇွန်လ ၆ ရက်မနက်ပိုင်းက ရွှေဆိုင်ပိုင်ရှင်ဖခင်ဖြစ်သူ ရွှေဆိုင်ဖွင့်နေချိန်မှာ ရွှေထုပ်လုယူထွက်ပြေးတဲ့ သားဖြစ်သူကို လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးတာကြောင့် အသေဖမ်းဆီးရမိခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

ဖြစ်စဉ်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ဆိပ်ငယ်စျေးက ဟိုက်ပါဂရိတ်ရွှေဆိုင်ပိုင်ရှင် ဦးအောင်သင်းမောင်ဟာ ဒီနေ့ ဇွန်လ ၆ ရက် မနက် ၈ နာရီခန့်မှာ ဆိုင်ဖွင့်ဖို့ပြင်ဆင်နေချိန် ဦးအောင်သင်းမောင်ရဲ့သားဖြစ်သူ ရောက်ရှိလာပြီး ဖခင်ဖြစ်သူကို ငရုတ်သီးမှုန့်နဲ့ပက်ကာ ရွှေထည့်ထားတဲ့အထုပ်တစ်ထုပ် လုယက်ယူဆောင်ထွက်ပြေးသွားခဲ့တာပါ။

ဦးအောင်သင်းမောင်ရဲ့ သားဖြစ်သူဟာ ရွှေထုပ်ကို ဖခင်ဆီက လုယက်ရာမှာ ဖခင်ကို ငရုတ်သီးမှုန်နဲ့ မျက်နှာပက်ခဲ့သလို ရဲတင်းနဲ့ခုတ်ဖို့လည်းပြင်ဆင်တာ၊ သားအဖချင်းဖြစ်နေတာမို့ ပတ်ဝန်းကျင်က ဝင်မစွက်ဖက်တဲ့အချိန်မှာပဲ ဆိုင်ကယ်နဲ့ ထွက်ပြေးသွားတာကြောင့် ဖခင်ဖြစ်သူက လုံခြုံရေးတပ်ဖွဲ့ကို ဆက်သွယ်တိုင်ကြားချိန်မှာ မြိတ်မြို့နယ်၊ ကြေးနန်းတိုင်၊ ပသောင်းတံတားစစ်ဆေးရေးဂိတ်ဖြတ် သန်းချိန် ဆိုင်ကယ်ရပ်မပေးဘဲ မောင်းပြေးတာကြောင့် လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးရာမှာ နေရာတင်သေဆုံးသွားတာလို့ သိရပါတယ်။

“လုတဲ့သူက ရွှေဆိုင်ပိုင်ရှင် ဦးအောင်သင်းမောင်၊ ဒေါ်မြစန်းတို့ရဲ့ သားအရင်းပဲ။ အကုန်လုံးက ဆေးကြောင်နေတာလို့ သိထားကြတာ။ မိသားစုအဖို့တော့ ဆုပ်လည်းစူး၊ စားလည်းရူးဖြစ်သွားတာပေါ့”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ဖြစ်စဉ်ကို တာဝန်ကျ လုံခြုံရေးတပ်ဖွဲ့က ဆက်လက်စစ်ဆေးနေပြီး လိုအပ်တဲ့ ရဲလုပ်ငန်းဆိုင်ရာတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ (Photo- Credit)

Leave a Reply

Your email address will not be published. Required fields are marked *