October 21, 2024

၆.၆. ၂၀၂၄
Written by Shwe Phyo

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့်တိုက်ပွဲများအတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေသောပစ္စည်းများကြောင့် ၂၀၂၄ ခုနှစ် ပထမလေးလ၌ နိုင်ငံတဝှမ်းတွင် လူပေါင်း ၃၃၉ ဦး ထိခိုက်သေဆုံးခဲ့ရကြောင်း ကုလသမဂ္ဂ၏ ကလေးငယ်များ ကူညီစောင့်ရှောက်ရေးအဖွဲ့အစည်းဖြစ်သော UNICEF အဖွဲ့က ဖော်ပြထားသည်။

မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေသော ပစ္စည်းများကြောင့် ၂၀၂၄ ခုနှစ် ပထမလေးလအတွင်း လူပေါင်း ၄၄ ဦးသေဆုံးကာ ၂၉၅ ဦး ဒဏ်ရာရခဲ့ကြောင်း၊ သေဆုံးခဲ့သူ ၄၄ ဦးထဲတွင် ကလေးငယ် ၂၄ ဦး၊ အမျိုးသမီး ၆ ဦးနှင့် အမျိုးသား ၁၄ ဦးဖြစ်ကြောင်း UNICEF ကဖော်ပြထားသည်။

ထို့ပြင်မြေမြုပ်မိုင်းနှင့် ပေါက်ကွဲစေသောပစ္စည်းကြောင့် ထိခိုက်သေဆုံးမှုအများဆုံး ဒေသများတွင် ရှမ်းပြည်နယ်က အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးက ဒုတိယအများဆုံးဖြစ်ကြောင်း သိရသည်။ ထိခိုက်သေဆုံးမှုအား လုံး၏ ၂၅ ရာခိုင်နှုန်းက ရှမ်းပြည်နယ်တွင်ဖြစ်ပြီး ၁၉ ရာခိုင်နှုန်းက စစ်ကိုင်းတိုင်းဒေသကြီးတွင်ဖြစ်ကာ ၁၂ ရာခိုင်နှုန်းက ပဲခူးတိုင်းဒေသကြီးတွင်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သော ၂၀၂၃ခုနှစ်က မြန်မာနိုင်ငံတဝှမ်းတွင် မြေမြုပ်မိုင်းနှင့်ပေါက်ကွဲစေသော ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူအရေအတွက် ၁၀၅၂ ဦးရှိခဲ့ကြောင်း သိရသည်။ ၂၀၂၄ ခုနှစ် ပထမလေးလအတွင်း မြန်မာနိုင်ငံတဝှမ်းတွင်ဖြစ်ပွားခဲ့သော မြေမြုပ်မိုင်းနှင့်ပေါက်ကွဲစေသောပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူအားလုံး၏ ၂၉ ရာခိုင်နှုန်းက ကလေးငယ်များဖြစ်ကြောင်း UNICEF က ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိနေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသူအရေအတွက် မြင့်တက်လာနေသလို မြေမြုပ်မိုင်းနှင့်ပေါက်ကွဲစေသော ပစ္စည်းများကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသူပိုမိုများပြားလာနေကြောင်း သိရသည်။

UNICEF ၏ ဖော်ပြချက်များအရ ၂၀၂၄ ခုနှစ် ပထမလေးလအတွင်း ထိခိုက်သေဆုံးမှုအားလုံး၏ ၄၃ ရာခိုင်နှုန်းက ချင်းပြည်နယ်၊ ကချင်၊ ကယား၊ မကွေး၊ မန္တလေး၊ မွန်၊ နေပြည်တော်၊ ရခိုင်၊ တင်္သာရီနှင့်ရန်ကုန်မြို့တွင်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက်ပိုင်း လက်နက်ကိုင်အဖွဲ့အစည်းများ၏ မြေမြုပ်မိုင်းအသုံးပြုမှု ပိုမိုမြင့်တက်လာနေကြောင်းသိရသည်။

REF Unicef

Leave a Reply

Your email address will not be published. Required fields are marked *