October 22, 2024

၆.၆.၂၀၂၄
Translated by Htwe Ko Tun

အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း ဟာလ်မာဟီရာကျွန်းပေါ်ရှိ အမြင့် ၁,၃၂၅ မီတာရှိသော အီဘူးမီးတောင်က ဇွန်လ ၆ ရက်သို့ ရောက်ရှိပြီးနောက်တွင်ပင် နှစ်ကြိမ်တိုင်တိုင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း နိုင်ငံ၏မီးတောင်ဆိုင်ရာအေဂျင်စီဖြစ်သော PVMBG က ဇွန်လ ၆ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

ပထမအကြိမ်ပေါက်ကွဲမှုက ဇွန်လ ၆ ရက်သို့အကူး နံနက် ၁ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ရာ အနီရောင်တောက်ပလင်းထိန်သောမီးတောင်ချော်ရည်ချော်ခဲများနှင့် ကျောက်တုံးကျောက်ခဲများ မီးတောင်ထိပ်မှပန်းထွက်ကာ ညအမှောင်ထုအတွင်း မီးတောင်ပတ်ဝန်းကျင် ကောင်းကင်ယံ၌ ထိန်လင်းနေခဲ့သည်ကို တွေ့ကြရသည်။

ဒုတိယပေါက်ကွဲမှုက ဒေသစံတော်ချိန် နံနက် ၇ နာရီ ၄၆ မိနစ်တွင် နှစ်မိနစ်ကြာဖြစ်ပွားခဲ့ကာ မီးတောင်ထိပ်မှ နောက်ထပ် မီတာ ၁,၂၀၀ မြင့်သည်အထိ ပြာများကိုမှုတ်ထုတ်ခဲ့ကြောင်း သိရသည်။ မီးခိုးရောင်ပြာများ မီးတောင်ထိပ်မှ အလုံးလိုက် ကောင်းကင်ယံအတွင်း ထွက်လာခဲ့ကြောင်း PVMBG ကပြောခဲ့သည်။

PVMBG က မီးတောင်ပေါက်ကွဲမှုဆိုင်ရာသတိပေးမှု အဆင့် ၄ (သို့မဟုတ်)အမြင့်ဆုံးအထိ သတိပေးမှုပြုထားကာ မီး တောင်ထိပ်ဝနှင့် ခုနှစ်ကီလိုမီတာပတ်လည်အတွင်း လုံးဝဝင်ရောက်သွားလာခြင်းမပြုရန်လည်း တားမြစ်ထားသည်။

အီဘူးမီးတောင်၏ ဇွန်လ ၆ ရက်တွင်ပေါက်ကွဲမှုများက မေလအတွင်း မှစ၍ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများအနက် နောက် ဆုံးလည်းဖြစ်သည်။ ၎င်းက ဇွန်လ ၄ ရက်ကလည်း ပေါက်ကွဲခဲ့သေးရာ ငါးကီလိုမီတာမြင့်သည်အထိ မီးခိုးရောင်ပြာများကို မီးတောင်ထိပ်မှမှုတ်ထုတ်ခဲ့သေးသည်။ မေလ ၁၆ ရက်တွင် ပေါက်ကွဲမှုစတင်ခဲ့သည်မှစ၍ မီးတောင်အနီးရှိ ရွာခုနှစ်ရွာကို အာဏာပိုင်များက ရွှေ့ပြောင်းကယ်ဆယ်ခဲ့ရသည်။

အင်ဒိုနီးရှားနိုင်ငံက ဘူမိဗေဒအခေါ်အားဖြင့် Ring Of Fire ခေါ် ပစိဖိတ်ဒေသ၏ မီးတောင်ကွင်းပေါ်တွင် တည်ရှိပြီး နိုင်ငံအတွင်း ပေါက်ကွဲမှုဖြစ်ပွားနိုင်သော မီးတောင် ၁၂၇ လုံး ရှိသည်။

မေလအတွင်းက နိုင်ငံမြောက်ပိုင်း ဆူလာဝီစီပြည်နယ်တွင် ရွန်မီးတောင်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူ ၁၂,၀၀၀ ကို ကယ်ဆယ်ခဲ့ရသေးသည်။ မေလအတွင်းကပင် အနောက်စူမတ်တြားပြည်နယ်တွင်ရှိသော မီးတောင်များအနက် တစ်ခုဖြစ်သော မာရာပီမီးတောင်မှ ပေါက်ကွဲခဲ့သော အေးနေသည့်ချော်ရည်များနှင့် ရုတ်တရက်ရေလွှမ်းမိုးမှုတို့တွင် စီးဆင်းလာသော စီးကြောင်းများကြောင့် အနည်းဆုံး လူ ၆၀ ဦးသေဆုံးခဲ့ရသေးသည်။

Ref-CNA

Leave a Reply

Your email address will not be published. Required fields are marked *