October 22, 2024

၆.၆. ၂၀၂၄
Written by Nay Moe

ကျောင်းသားကလေးငယ်များကို ပစ်မှတ်ထားသတ်ဖြတ်နေသော PDF များ၏လုပ်ရပ်ကို ရှုတ်ချတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၅ ခုက ထုတ်ပြန်ထားပါတယ်။

၂ဝ၂၄ ခုနှစ် ဇွန်လ ၃ ရက်နေ့မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်းများဖွင့်လှစ်ရေး ဆောင်ရွက်နေချိန်တွင် CRPH၊ NUG နှင့် ၎င်းတို့၏လက်ဝေခံ နိုင်ငံရေးအစွန်းရောက်သူများသည် ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၄)ရက် နံနက် ၇ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သို့ ကျောင်းတက်ရန်သွားရောက်ကြသော ကျောင်းသား/ ကျောင်းသူ လူငယ်များ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်အား လောင်းလုံမြို့နယ်၊ ပဉ္စသီမော်ကျေးရွာအနီးတွင် လောင်းလုံ PDF အဖွဲ့က လက်နက်ငယ်များဖြင့် တမင်ရည်ရွယ် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ကျောင်းသားလူငယ်(၁)ဦး ကျည်ထိမှန် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

၎င်းအပြင် ၂ဝ၂၄ ခုနှစ် ဇွန်လ(၄)ရက် နေ့လယ် ၁၂ နာရီ မိနစ် ၄ဝ ခန့်အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းကို PDF များ ပစ်ခတ်သည့် ဗုံးသီးပေါက်ကွဲမှုကြောင့် ကျောင်းသားငယ် (၁)ဦး သေဆုံးခဲ့ပြီး ကျောင်းသား/ ကျောင်းသူများနှင့် အပြစ်မဲ့ပြည်သူ စုစုပေါင်း(၂၅)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အလားတူပင် လွန်ခဲ့သည့်လများအတွင်း အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းများက အပြစ်မဲ့ပညာရေးဝန်ထမ်း ဆရာ/ ဆရာမများအား ရက်စက်စွာ သတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများအား ဗုံးထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ ပြန်ပေးဆွဲခြင်း၊ ပညာသင်ကြားခြင်းနှင့် ကျောင်းတက်ခြင်း လုပ်ငန်းစဉ်များအား ဟန့်တား၊ နှောက်ယှက်၊ ခြိမ်းခြောက်ခြင်း စသော အကြမ်း ဖက် ရက်စက်ကြမ်းကြုတ်မှု လုပ်ရပ်များအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး အဆိုပါအကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ဆန့်ကျင်၊ ရှုတ်ချ၊ ကန့်ကွက်သည်ဟု နိုင်ငံရေးပါတီများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *