October 23, 2024

MT News

Translated by Htwe Ko Tun

ကမ္ဘာ့ဖလားချန်ပီယံဆုဖလားရရှိခဲ့သော အာဂျင်တီးနားလက်ရွေးစင်အသင်းဘောလုံးသမားများ အာဂျင်တီးနားနိုင်ငံသို့ ပြန်လည်ရောက်ရှိ၍ မြို့တော် ဗျူနိုအေးရီးစ်အတွင်း အမိုးဖွင့်ဘတ်စ်ကားတစ်စီးဖြင့်လှည့်လည်အောင်ပွဲခံစဉ် တက်ကြွပီတိဖြစ်နေသော ဘောလုံးပရိသတ်များ သန်းနှင့်ချီ၍ လမ်းများပေါ်ထွက်လာကြရာ မြို့တော်အတွင်း ကားအသွားအလာများ လုံးဝရပ်ဆိုင်းကုန်သည်အထိ ဖြစ်ရပြီး နောက်ဆုံးတွင် အသင်းခေါင်းဆောင် မက်ဆီနှင့် အသင်းသားအားလုံးကို ရဟတ်ယာဉ်များဖြင့် လာရောက်သယ်ဆောင်ကာ ရွှေ့ပြောင်းထုတ်ရသည့်အထိ ဖြစ်ခဲ့ရကြောင်း သိရသည်။

အောင်ပွဲခံအသင်းသားများအနေဖြင့် မူလကမှန်းထားသည့်အတိုင်း မြို့တော် ဗျူနိုအေးရီးစ်ရှိ Obelisco ကျောက်တိုင်သို့မရောက်နိုင်တော့ဘဲ ၎င်းတို့၏လမ်းကြောင်းမှာ ခန့်မှန်းခြေ လေးသန်းခန့်ရှိ လူအုပ်ကြီးဖြင့် လုံးဝပိတ်ဆို့သွားခဲ့ကြောင်း သတင်းများကဖော်ပြခဲ့သည်။

လူမှုကွန်ရက်မှ ဗီဒီယိုရိုက်ကူးချက်များတွင် အောင်ပွဲခံဘတ်စ်ကား တံတားတစ်ခုအောက်အရောက် တံတားပေါ်မှ အမိုးဖွင့်ကားပေါ်ခုန်ချသူများကိုလည်း တွေ့ရသည်။ မူလက ရှစ်နာရီကြာ အောင်ပွဲခံလှည့်လည်ရန် စီစဉ်ထားသော်လည်း လုံခြုံရေးကြောင့် ဤသို့ခရီးစဉ်ကို ဖြတ်တောက်ခဲ့ရခြင်းလည်းဖြစ်သည်။ ထို့နောက်တွင်မူ ဘောလုံးသမားများကို ၎င်းတို့၏ အမိုးဖွင့်ကားပေါ်မှ ရဟတ်ယာဉ်များပေါ်သို့ ပြောင်းရွှေ့သယ်ထုတ်ခဲ့ကြောင်း သိရသည်။

မြို့တော်တစ်ခွင်လုံး ပျော်ရွှင်မြူးတူးနေသော အာဂျင်တီးနားပြည်သူ ဘောလုံးပရိသတ်များက တစ်ဦးကိုတစ်ဦး လက်ချင်းတွဲ ပွေ့ဖက်ကာ အနမ်းများပေးနေကြသည်ကိုလည်း တွေ့ရသည်။ အာဂျင်တီးနားအစိုးရကလည်း အာဂျင်တီးနားအသင်းပြန်လည်ရောက်ရှိလာသည့် ဒီဇင်ဘာ၂၀ ရက်ကို အမျိုးသားရုံးပိတ်ရက်အဖြစ်သတ်မှတ်ခဲ့သည်။

Ref—Reuters

Leave a Reply

Your email address will not be published. Required fields are marked *