October 22, 2024

၆.၆.၂၀၂၄.
Translated by Htwe Ko Tun

ချက်သမ္မတနိုင်ငံတွင် ခရီးသည်တင်မြန်နှုန်းမြင့် လူစီးရထားတစ်စင်းနှင့် ကုန်ရထားတစ်စင်းတို့ ဇွန်လ ၅ ရက်ညက ခေါင်းချင်းဆိုင်တိုက်မိခဲ့ကြရာ အနည်းဆုံး လူလေးဦးသေဆုံး၍ ၂၃ ဦးဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့ကြသည်။

ရထားတိုက်မှုတွင် ဒဏ်ရာရသူများအနက် ၂၀ ဦးခန့်မှာ အသေးအမွှားဒဏ်ရာလေးများသာ ရခဲ့ခြင်းဖြစ်သော်လည်း သုံးဦးမှာဒဏ်ရာပြင်းထန်ကြောင်း၊ သို့သော် အသက်အန္တရာယ်မစိုးရိမ်ရကြောင်း ပြည်ထဲရေးဝန်ကြီး ဗစ်ရာကူဆန်က ဇွန်လ ၆ ရက်တွင်ပြောခဲ့သည်။ ၎င်းက ရထားတိုက်မှုမှာ ဇွန်လ ၅ ရက်ညက မြို့တော်ပရာ့ဂ်၏အရှေ့ဘက် ကီလိုမီတာ ၁၀၀ (မိုင် ၆၀) ခန့်အကွာ ပါဒူဘိုက်မြို့ (Pardubice city) တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ရထားတိုက်မှုဖြစ်ပွားခဲ့သော ခရီးသည်တင် မြန်နှုန်းမြင့်ရထားက ပုဂ္ဂလိက RegioJet ကုမ္ပဏီမှပိုင်ဆိုင်ကြောင်း ဆက်လက်ပြောခဲ့သည်။

သယ်ယူပို့ဆောင်ရေးဝန်ကြီး မာတင်ကပ်ကာက ရထားတိုက်မှုကြောင့် နိုင်ငံ၏အဓိက ရထားပို့ဆောင်ရေးလမ်းကြောင်းဖြစ်သော ပရာ့ဂ်မြို့မှ နိုင်ငံအရှေ့ပိုင်းသို့ဆက်သွယ်သော ရထားလမ်းအား စုံစမ်းစစ်ဆေးမှုများပြုနေစဉ် ပိတ်ထားကြောင်းလည်း ပြောခဲ့သည်။ ၎င်းက ရထားတိုက်မှု၏ အကြောင်းရင်းကိုမူ ခန့်မှန်းခြင်းမပြုနိုင်သေးကြောင်းဆိုသည်။

ခရီးသည်တင်မြန်နှုန်းမြင့်လူစီးရထားပေါ်တွင် ခရီးသည် ၃၀၀ ကျော်လိုက်ပါလာပြီး ချက်နိုင်ငံ ပရာ့ဂ်မြို့မှ ဆလိုဗက်ကီးယားနိုင်ငံ ကော့ဆေးမြို့(Kosice city) သို့ ထွက်ခွာလာခြင်းဟုလည်း သိရသည်။ သေဆုံးသူများကို မည်သူမည်ဝါ ထုတ်ဖော်မပြောနိုင်သေးသော်လည်း ရထားမောင်းနှစ်ဦးစလုံးမှာ အသက်ရှင်လျက် ရှိကြသေးကြောင်းသတင်းများက ဖော်ပြခဲ့သည်။

ကုန်ရထားပေါ်တွင် အန္တရာယ်ရှိသော ကယ်လ်ဆီယမ်ကာဘိုဒ် ဓာတုပစ္စည်းတစ်မျိုးကို တင်ဆောင်လာသော်လည်း ပထမတွဲနှစ်တွဲတွင် မည်သည့်ကုန်ပစ္စည်းမျှ ပါလာခြင်းမရှိ၍ ရထားတိုက်မှုကြောင့် ဓာတုယိုစိမ့်မှုတစ်စုံတစ်ရာ မဖြစ်ပွားခဲ့ကြောင်း သိရသည်။

Ref-ABC News

Leave a Reply

Your email address will not be published. Required fields are marked *