October 23, 2024

၆.၆. ၂၀၂၄
Written by Shwe Phyo

ဂျပန်ရဲတပ်ဖွဲ့သည် ဂျပန်ကလေးငယ်တစ်ဦးကို မိခင်ဖြစ်သူနှင့်ပြန်လည်တွေ့ဆုံနိုင်ရန် ကူညီပေးခဲ့သော မြန်မာအမျိုးသမီးတစ်ဦးကို ချီးကျူးဂုဏ်ပြုလိုက်ကြောင်း ဂျပန်အခြေစိုက်သတင်းများတွင် ဖော်ပြထားသည်။

ဂျပန်နိုင်ငံ နစ်ကိုမြို့ရှိ ဥယျာဉ်ခြံလုပ်ငန်းကုမ္ပဏီတစ်ခုတွင်အလုပ်လုပ်နေသော မြန်မာအမျိုးသမီး မထွေးထွေးရီသည် မေလ ၁၈ ရက်နေ့က အလုပ်သွားချိန်အတွင်း လမ်းမပေါ်တွင် ဂျပန်ကလေးငယ်တစ်ဦး ငိုနေသည်ကိုတွေ့ရှိခဲ့ပြီးနောက် ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဂျပန်ကလေးငယ်သည် မိခင်ဖြစ်သူနှင့် လမ်းကွဲသွားသည့်အတွက် ငိုကြွေးနေခဲ့ခြင်းဖြစ်ရာ မထွေးထွေးရီသည် ကလေးငယ်ကို မိခင်ဖြစ်သူနှင့် ပြန်လည်တွေ့ဆုံနိုင်ရန် ကူညီပေးခဲ့သည်ဟု သိရသည်။ ဂျပန်နိုင်ငံ နစ်ကိုမြို့ရဲတပ်ဖွဲ့က မထွေးထွေးရီနှင့် ၎င်း၏ကုမ္ပဏီဥက္ကဋ္ဌဖြစ်သူ ကာဝါမူရာ ကာဇူနိုရီတို့သည် မိခင်ပျောက်ဆုံးနေသည့် ပထမတန်းကျောင်းသူ ကလေးငယ်ကို မိခင်ဖြစ်သူနှင့် ပြန်လည်တွေ့ဆုံနိုင်ရန် ဆက်သွယ်ကြိုးပမ်းပေးခဲ့ကြောင်း ပြောသည်။

ကလေးငယ်၏မိသားစုကလည်း ကလေးငယ်ပျောက်ဆုံးနေသည့်အတွက် ရဲစခန်းကို အကြောင်းကြားကာ ကလေးငယ်ကို ရှာဖွေနေခဲ့ကြောင်း သိရသည်။

နစ်ကို မြို့ရဲတပ်ဖွဲ့မှ ရဲမှူးကြီး နာကာဇာတို ယိုဂျီက ကလေးငယ်ကို မိခင်ဖြစ်သူနှင့်ပြန်လည်တွေ့ဆုံနိုင်ရန် ကြိုးပမ်းခဲ့သော မထွေးထွေးရီနှင့် ကုမ္ပဏီပိုင်ရှင်တို့ကို ကျေးဇူးတင်လွှာပေးခဲ့ကြောင်း၊ မထွေးထွေးရီနှင့် ၎င်း၏ကုမ္ပဏီပိုင်ရှင်တို့ကူညီပေးမှုကြောင့် မိခင်ဖြစ်သူနှင့်ကလေးငယ်တို့ ပြန်လည်တွေ့ဆုံနိုင်ခြင်းဖြစ်ကြောင်း ပြောသည်။ မထွေးထွေးရီက ပထမတန်းကျောင်းသူလေးနှင့်မိခင်ဖြစ်သူတို့ ပြန်လည်ပေါင်းစည်းနိုင်ခွင့်ရခဲ့ခြင်းအပေါ် ကျေနပ်ပျော်ရွင်မိပြီး စိတ်သက်သာရကြောင်း ပြောသည်။

REF NHKnews

Leave a Reply

Your email address will not be published. Required fields are marked *