၅. ၆. ၂၀၂၄
Written by Phyo Wei
ပြီးခဲ့တဲ့ မေလမှာ မြန်မာ့ကုန်ထုတ်လုပ်မှုက ရှစ်လအတွင်း ပထမဆုံးအကြိမ်တိုးတက်ခဲ့ပြီး ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေထက် တိုးတက်ခဲ့လာခဲ့တယ်လို့ ဂျပန်နိုင်ငံ Nikkei Asia စစ်တမ်းက ဖော်ပြလာတဲ့ ဒီရက်သတ္တပတ်မှာပဲ လာမဲ့ ဇူလိုင် ၁ ရက်ကစ ခွင့်ပြုချက်မရရှိဘဲ ဆိပ်ကမ်း၊ လေဆိပ်တွေကို သွင်းကုန်ပစ္စည်း ကြိုတင်ရောက်ရှိနေတယ် စိစစ်တွေ့ရှိရင် တင်သွင်းသူတွေကို ထောင်ဒဏ် ၃ နှစ်အထိ အရေးယူမယ်ဆိုတဲ့ဖြစ်စဉ်တွေ၊ တရုတ်ရဲ့ ပါဝါကို အမြဲချိန်ညှိနေတဲ့ အိန္ဒိယက မြန်မာ၊ ဘင်္ဂလားဒေ့ရှ် ဖြတ်သန်းမဲ့ ဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်ဖို့ ပြန်လည်စီစဉ်နေတယ်လို့ ပြောလာခဲ့တာတွေ မြင်ခဲ့ရပါတယ်။
အခြားတစ်ဖက်မှာလည်း USDT အပါအဝင် တရားမဝင် ဒီဂျစ်တယ်ငွေကြေးတွေ ရောင်းဝယ်လဲလှယ်တာနဲ့ ဟွန်ဒီလုပ်ငန်းဆောင်ရွက်သူတွေ အရေးယူမယ်လို့ ထုတ်ပြန်အပြီး မေလ ၂၄ ရက်ကနေ ၂၉ ရက်အထိ ငါးရက်အတွင်း တရားမဝင် ဒီဂျစ်တယ်ငွေကြေး ရောင်းဝယ်ခြင်းနဲ့ ဟွန်ဒီလုပ်ငန်းလုပ်ကိုင်သူ ၁၂ ဦးရဲ့ ဘဏ်ငွေစာရင်း ၃၆ ခုနဲ့ Pay Account ၃၈ ခုကို အရေးယူလိုက်တာ၊ စက်သုံးဆီတင်သင်္ဘောတွေ ပုံမှန်ရောက်ရှိနေတဲ့အပြင် အရန်စက်သုံးဆီတွေပါ ရောက်ရှိနေတာကြောင့် စက်သုံးဆီ ဖူလုံမှုရှိပြီး ဈေးနှုန်းတွေ ကျဆင်းလာတယ်ဆိုတဲ့ သတင်းဖြစ်စဉ်တွေ ရှိခဲ့ပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကိုတော့ စျေးဆွဲတင်ကစားနေတဲ့ နာမည်ကြီးရွှေလုပ်ငန်းရှင်တွေကို ဖမ်း၀ရမ်းထုတ်တဲ့အကြောင်း၊ ဒေါ်လာစျေးကစားသူတွေကို အရေးယူတဲ့အကြောင်းနဲ့ ထိုင်းနိုင်ငံမှာ ကွန်ဒိုတွေ ဝယ်ယူနေသူတွေကို ထိန်းကျောင်းဖို့ ဖမ်းဆီးအရေးယူမှုပြုလုပ်လာတဲ့အကြောင်းတွေကို သုံးသပ်တင်ပြချင်ပါတယ်။
◾ စျေးကစားတဲ့နာမည်ကြီးရွှေဆိုင်ကြီးတွေ ဖမ်းဆီးမှု
နိုင်ငံတော်ရဲ့ စီးပွားရေးဖွံဖြိုးတိုးတက်မှုကို အနှောင့်အယှက်အဟန့်အတားဖြစ်စေဖို့ ရည်ရွယ်ပြီး ပြည်တွင်းရွှေဈေးကွက်အတွင်း အရောင်းအဝယ်တစ်ကယ်မဖြစ်တဲ့ လေပတ်ကား ရွှေဈေးနှုန်းတွေကို လူမှုကွန်ရက်မီဒီယာတွေကနေတစ်ဆင့် ဝါဒဖြန့်ချိ ဈေးကစားပြီး နိုင်ငံ့စီးပွားရေးမငြိမ်မသက်ဖြစ်စေအောင် ဆောင်ရွက်နေတဲ့ ပွဲစားတွေအပါအဝင် ၂၁ ဦးကို ဖမ်းဆီးစစ်ဆေးလိုက်ချိန်မှာ နောက်ကွယ်ကနေ ဒီလိုမျိုး ပြည်သူတွေ ခက်ခဲအောင် လုပ်ဆောင်နေတဲ့ စိန်ကျော်မိုးရွှေဆိုင်က ကျော်ငြိမ်း၊ အကယ်ဒမီရွှေသန့်စင်လုပ်ငန်းက မျိုးသူဝင်း၊ ခရမ်းသုံးခွရွှေဆိုင်က သက်နောင်ဝင်း၊ ဇွဲထက်ရွှေဆိုင်က ဆန်းဝင်း၊ အောင်သမာဓိရွှေဆိုင်က အောင်ဆန်းဝင်း၊ ဝိန့်စိန်ရွှေဆိုင်ကအောင်ကောင်းမြတ်၊ ရွှေဇင်ဝင်းရွှေသန့်စင်လုပ်ငန်းက အေးကြူနဲ့ ပွဲစားတွေဖြစ်တဲ့ ကျော်ဝင်း(ခ)ပန်းသီး၊ ညီညီဦး (ခ) ချက်ကြီးနဲ့ တင်တင်ခိုင်(ခ) စန္ဒာတင် စတဲ့ တရားခံ ၁၀ ဦးကို ဖော်ထုတ်နိုင်ခဲ့ပြီး ဖမ်းဆီးဖို့လုပ်ချိန်မှာတော့ အားလုံးက ထွက်ပြေးသွားကြပါတယ်။
ဒီနေရာမှာ ဖမ်း၀ရမ်းထုတ်ခံရတဲ့ အချို့သော ရွှေလုပ်ငန်းရှင်တွေဟာ မဲမသမာမှုတွေနဲ့ ဖြုတ်ချခံရတဲ့ NLD အစိုးရဟောင်းလက်ထက်မှာ တက်တက်ကြွကြွပါဝင်ခဲ့တာ၊ လက်ရှိမှာလည်း ထိုင်းနိုင်ငံလိုနေရာမျိုးမှာ နေထိုင်နေပြီး အကြမ်းဖက်အဖွဲအစည်းသတ်မှတ်ခံထားရတဲ့ NUG အဖွဲဝင်တွေနဲ့ ဒွေးရောယှက်တင်ရှိနေတာကို ကြည့်ခြင်းအားဖြင့် ဒီရွှေလုပ်ငန်းရှင်တွေဟာ သာမန်ဝိသမလောဘနဲ့ အမြတ်ရအောင် စျေးဆွဲတင်တာထက် နိုင်ငံ့စီးပွားကမောက်ကမဖြစ်ရေးအပြင် သူတို့မကြိုက်တဲ့အစိုးရကို ဖြုတ်ချရေးရည်ရွယ်ချက်ပါ ပါဝင်နေတာ မြင်သာပါတယ်။ ဒီလူတွေကြောင့်ပဲ ပြည်တွင်းရွှေစျေးဟာ ကျပ် ၁၃ သိန်းဝန်းကျင်ကနေ ကျပ် ၅၈ သိန်းကျော်အထိ ဆွဲတင်ခံခဲ့ရသလို ကျွဲကူးရေပါ ကုန်စျေးနှုန်းပါ သုံးဆကျော်မြင့်တက်ပြီး ဆင်းရဲသားပြည်သူတွေပဲ နစ်နာစေလို့ ဒီလိုမျိုး ဝိသမလောဘသားတွေ ဖမ်းခံရတာကို ဘယ်သူကမှ ဝမ်းမနည်းကြတာလည်း တွေ့ရပါတယ်။ ဒါပေမဲ့လည်း မေးစရာရှိတာက ပြည်တွင်းရွှေစျေးကို ရည်ညွှန်းစျေး သတ်မှတ်ပေးတဲ့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းလုပ်ရပ်ပါ။ ဝိသမလောဘသားတွေ ရွှေစျေး ၅၈ သိန်းကျော်အထိ ဆွဲတင်နေချိန်တုန်းကတောင် တစ်ကျပ်သား သိန်း ၄၀ မပြည့်တဲ့ ရည်ညွှန်းစျေးကို ရွှေဆိုင်ပိုင်ရှင်တွေ ဖမ်း၀ရမ်းထုတ်ခံရအပြီး ဇွန်လ ၃ ရက်စျေးဖွင့်ချိန် စျေးကစားထားတဲ့ ရွှေစျေး ၃၅၀၀၀၀ လောက် ပြုတ်ကျသွားချိန်မှာ ဇွန်လ ၄ ရက် ရည်ညွှန်းစျေးကို ၄၈၇၁၀၀၀ အထိ ခုန်တက်ပြီး ကျပ် ၇၃၆၉၀၀ တိုးပြီး စျေးပြန်ဆွဲတင်လိုက်တာပါ။ ရွှေနဲ့ဒေါ်လာ စျေးပြန်ပြိုလာချိန်ကြမှ ရွှေအသင်းက ဝိသမလောဘသားတွေ ၁၈ သိန်းလောက် ဆွဲတင်ထားတဲ့ ရွှေစျေးမကစားခံရခင် မူရင်းစျေး သိန်း ၄၀ နား ပြန်ရောက်မသွားအောင် အဓမ္မဆွဲတင်ထားတဲ့ စျေးရဲ ထက်ဝက်နီးပါး ကျပ် ၇ သိန်းခွဲလောက် နေ့ချင်းခုန်တက်လိုက်တာက ဝိသမလောဘသားတွေကို အားပေးအားမြှောက် လုပ်ပြီး ကိုယ်ကျိုးစီးပွားမထိခိုက်အောင် ကာကွယ်သလား မေးခွန်းထုတ်စရာပါ။
◾ ပွဲကြမ်းတဲ့ ဒေါ်လာ
ရွှေစျေးကစားသူတွေကို ဖမ်း၀ရမ်းထုတ်အပြီး နောက်နေ့မှာပဲ ဒေါ်လာစျေးကစားသူတွေကို ထပ်မံ ဖမ်း၀ရမ်းထုတ်ခဲ့ပြန်ပါတယ်။ အဲဒီမှာလည်း နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေသူ ၁၄ ဦးကို ဖမ်းယူစစ်ဆေးပြီးမှ နောက်ကွယ်ကနေ စျေးကစားခိုင်းတဲ့မှောင်ခိုလက်မည်း ၁၁ ဦးကို ဖမ်း၀ရမ်းထုတ်ခဲ့တာပါ။ ဒီ ၁၁ ဦးမှာဆိုရင် Perfect Green Money Changer က ဘညွန့်၊ Sun Flower Money Changer က ဝဏ္ဏထွန်း၊ ခရမ်းသုံးခွရွှေဆိုင်နဲ့ တရားမဝင် နိုင်ငံခြားငွေရောင်းချသူ သက်နောင်ဝင်း၊ တရားမဝင် နိုင်ငံခြားငွေ ရောင်းချသူများဖြစ်တဲ့ လှမင်း၊ အွတ်စမန်(ခ)ဂျက်၊ တင်ကိုဦး(ခ)ဂျွန်၊ သန်းထွန်းအောင်၊ ရဲကို(ခ) ဝေမင်းခေါင်၊ ရဲမင်းအောင်နဲ့ ပွဲစား အိအိကျော်(ခ)မဝါ၊ တင်ကျော်ကျော်(ခ) အာနိုးတို့ ဖြစ်တယ်လို့လည်း ရုပ်ပုံ၊ လိပ်စာနဲ့တကွ ထုတ်ပြန်ထားပါတယ်၊
ဒေါ်လာစျေးကစားသူ လက်မည်း ၁၁ ဦးမှာဆိုရင် တချို့က အရင်ကလည်း ငွေကြေးစျေးကစားမှုကြောင့် ခေါ်ယူစစ်ဆေးခံရသူတွေပါ။ ဒီလူတွေဟာလည်း နိုင်ငံခြားငွေစျေးကစားမှုကို ပြည်သူတွေထိခိုက်ပြီး စားဝတ်နေရေးကျပ်တည်းအောင် လုပ်ဆောင်ချင်တဲ့ဆန္ဒရှိတယ်ဆိုတာ သိသာရလောက်အောင်ပဲ ဖမ်း၀ရမ်းထုတ်ခံရပြီးတာနဲ့ တစ်ပြိုင်နက် ပုဂ္ဂလိကဘဏ်တွေကို ဗဟိုဘဏ်က ဝင်စစ်နေပြီ။ ၅၀၀၀ တန်၊ ၁၀၀၀၀ တန်တွေ ဖျက်သိမ်းမယ်ဆိုတာမျိုး ချက်ခြင်းထုတ်လွှင့်လာတာ တွေ့ရပါတယ်။ ဒီလိုကောလာဟလယုံမိတာကြောင့်ပဲ နွေဦးတော်လှန်ရေးအစ ကိုယ့်ငွေကိုယ် နေပူထဲ တန်းစီထုတ်ရ၊ အမြတ်ပေးရဒုက္ခတွေလည်း ကြုံခဲ့ကြရပြီးပါပြီ။ တကယ်ဆိုရင် လက်ရှိငွေကြေးစျေးကွက် မပျက်ပျက်အောင်လုပ်ဆောင်နေမှုမှာ NUG လည်းပါတယ်ပြောလို့ရပြီး သူရဲ့ ဘယ်နိုင်ငံ၊ ဘယ်အစိုးရကမှ အသိအမှတ်မပြုတဲ့ ကြားကာလဗဟိုဘဏ်ဟာ USDT အပါအဝင် ဒစ်ဂျစ်တယ်ငွေကြေးတွေကို နေ့စဉ်သန်းရာချီ အလွှဲအပြောင်းလုပ်နေတာဖြစ်ပြီး ဒီလိုမျိုး တစ်ဦးတစ်ယောက် ဖမ်းခံလိုက်ရရင် နိုင်ငံရေးအရ အပြောင်းအလဲဖြစ်သွားရင် ရပ်ဆိုင်းသွားမဲ့ NUG Pay ကို တော်လှန်တယ်ဆိုတဲ့ PDF တွေ၊ နိုင်ငံခြားရောက်မြန်မာတွေ၊ ထောက်ပို့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက သုံးစွဲနေတာကြောင့် လူသန်းဂဏန်းလောက်ဟာ ကျားဖြန့်လိုမျိုး အွန်လိုင်းလိမ်လည်မှုပုံစံ NUG Pay နဲ့ ငွေတွေ လည်ပတ်သုံးစွဲနေတာကလည်း မြန်မာကျပ်ငွေတန်ဖိုးကျစေတဲ့ အကြောင်းအရင်းတစ်ခုပါ။ ဥပမာအားဖြင့် NUG Pay ဟာ ဒီနေ့ ဇွန်လ ၅ ရက်မှာ USDT အပါအဝင် ဒစ်ဂျစ်တယ်ငွေကြေးတွေနဲ့ လဲလှယ်လို့ရတဲ့ ဒေါ်လာကို တစ်ဒေါ်လာ ၄၃၉၀ ဖွင့်ထားပြီး ပြည်တွင်းစျေးကွက်မှာက တစ်ဒေါ်လာ ၄၃၀၀ အောက်ပဲ အရောင်းအဝယ်ဖြစ်နေတာပါ။ ကျပ် ၁၀၀ လောက် ဟပြီး ဆွဲတင်ထားတဲ့ NUG Pay ကို ပြည်တွင်းက NUG ထောက်ခံတဲ့ လူသိန်းဂဏန်းထိုင်သုံးနေမယ်ဆိုရင် ဒီငွေကြေးဖောင်းပွမှုက ဘယ်လိုမှ ဆွဲချလို့ရစရာအကြောင်းမရှိတော့ဘဲ ပြည်တွင်းကျပ်ငွေတန်ဖိုး ပြန်မာလာဖို့ဆိုရင် နိုင်ငံရေးအကျပ်အတည်းကျော်လွန်ပြီး စင်ပြိုင် ဗဟိုဘဏ်နဲ့သူ့ Pay ပျောက်သွားမှပဲ လုပ်လို့ရမှာဖြစ်လို့ ဒီလက်နက်ကိုင်တိုက်ခိုက်မှုကို ထောက်ခံနေသရွေ့တော့ အခြေခံလူတန်းစားတွေပဲ ငွေဖောင်းပွမှုဒဏ် ကျောကော့အောင် ခံနေရဦးမှာပါ။
◾ ဟန့်တားလာတဲ့ ထိုင်းကွန်ဒိုဝယ်ယူမှု
ပြည်တွင်းမှာ ငွေကြေးစျေးကွက် ဖောင်းပွအောင် လုပ်ဆောင်နေတဲ့အထဲမှာ ထိုင်းနိုင်ငံက ကွန်ဒိုတွေ ဝယ်ယူနေကြတာလည်း ပါဝင်နေပါတယ်။ ဘယ်လောက်အထိတောင်များနေလဲဆိုရင် ၂၀၂၄ ပထမ သုံးလပတ်မှာ မြန်မာလိုဆင်းရဲတဲ့နိုင်ငံသားတွေက ထိုင်းကွန်ဒို ဘတ်၂ ဒသမ ၂၁ ဘီလျံဖိုး ဝယ်ယူပြီး မြန်မာနိုင်ငံထက် အများကြီးပိုချမ်းသာတဲ့ ရုရှားနိုင်ငံသားတွေရဲ့ ဝယ်ယူမှုကိုပါ ကျော်တက်ပြီး ဒုတိယနေရာချိတ်ခဲ့တာကို မြင်ရပါတယ်။ ဒါကြောင့်လည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ကွန်ဒိုတိုက်ခန်းတွေ ပြည်တွင်းမှာ တရားမဝင်ရောင်းချသလို သက်ဆိုင်ရာကို သတင်းပေးပို့ခွင့်ပြုချက်ရယူခြင်းမရှိဘဲ အရောင်းပြပွဲကို ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်မှာ(၂)ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့တဲ့အပြင် ကွန်ဒိုတိုက်ခန်း ဝယ်ယူသူတွေက ပေးချေတဲ့ မြန်မာကျပ်ငွေတွေ လက်ခံရယူပြီး ထိုင်းနိုင်ငံဆီ တရားမဝင်ဟွန်ဒီလုပ်ငန်းက ငွေကြေးလွှဲပြောင်းပေးခဲ့တဲ့ Minn Thu ကုမ္ပဏီက ဒါရိုက်တာအောင်ကျော်ထွန်းနဲ့ အထွေထွေမန်နေဂျာ မင်းသူကျော်(ထွက်ပြေးတိမ်းရှောင်)တို့အပြင် ကွန်ဒိုတွေကို ထိုင်းမှာ ဘဏ်ငွေစာရင်းဖွင့် ဝယ်ယူတဲ့ ဦးနေမျိုးဟန်၊ ဦးမင်းထွန်း၊ ဒေါ်မြတ်မြတ်မွန်တို့ကို ဖမ်းဆီးအရေးယူခဲ့တာ တွေ့ရပါတယ်။
ဒီနေရာမှာတော့ ထိုင်းနိုင်ငံမှာ အိမ်ဝယ်နေတဲ့သူတွေဟာ လူပေါင်းသိန်းချီကို ရှိနေပါတယ်။ လက်နက်ကိုင်ထားသူတွေ၊ NUG က လူတွေ၊ ပြည်ပထွက်ပြေးပြီး NGO တွေကနေ စပွန်ဆာရနေတဲ့ မီဒီယာသမားတွေ၊ ဒီလူတွေရဲ့ ဝယ်ယူမှုဟာ တစ်နှစ်ကို အနည်းဆုံး ထိုင်းဘတ် ၁၀ ဘီလျံလောက် ဝယ်ယူနေတာပါ။ ပြည်တွင်းမှာ ထိုင်းဘတ်က အဓိက မသုံးကြလို့ လူတွေက ကျပ်ပေး၊ ဒေါ်လာဖလှယ်ပုံစံလည်ပတ်ကြတာကြောင့်လည်း မြန်မာကျပ်ငွေဖောင်းပွမှုကို ပိုဆင့်ကဲလာစေတာပါ။ ဒီနေရာမှာ ထိုင်းကွန်ဒိုဝယ်တာကိုဖမ်းတာက တကယ့်အဖြေမှန်မဟုတ်ဘဲ အဖြေမှန်က ပြည်တွင်းမှာ အရမ်းဖောင်းပွနေတဲ့ အိမ်ခြံမြေစျေးကို ထိန်းဖို့လိုနေတာပါ။ အခုက ပေ ၂၀၊ ပေ ၆၀ လောက် ခြံကောင်းကောင်းတစ်ခြံပိုင်ထားရင်ကို နေရာအလိုက် သိန်း ၂၀၀၀ လောက်ကနေ သိန်း သောင်းဂဏန်းဖြစ်နေတာကြောင့် ပြည်တွင်းက လူလတ်တန်းစားတွေကပါ မြန်မာပြည်က အိမ်ခြံပိုင်ဆိုင်မှု အကုန်ဖြုတ်ပြီး ငြိမ်းချမ်းတဲ့ ထိုင်းကို ရွှေ့ပြောင်းနေကြတာလည်း ပါပါတယ်။ လက်ရှိ မြန်မာပြည်မှာ သိန်း ၅၀၀ သုံးရင်တောင် ၁၀ ပေ၊ ပေ ၆၀ ကို ချောင်ကြိုချောင်ကြားက ခြံအစုတ်အပျက်နဲ့ အိုမင်းပြိုကျတော့မဲ့ တိုက်ခန်းတွေပဲ ရနိုင်တာမို့လို့ သိန်း ၅၀၀ လောက်သုံးရုံနဲ့ လူ့အဆင့်အတန်းမှီတဲ့ ခြံရတဲ့ မဲဆောက်လို ချင်းမိုင်လို နေရာမျိုးမှာ အမည်ခံ ခြံဝယ်ပြီး ရွှေ့ပြောင်းနေကြမှာပါပဲ။ ဒါကြောင့် အလွန်အမင်းဖောင်းပွနေတဲ့ မြန်မာ့အိမ်ခြံစျေးကို Property Tax လိုမျိုးနဲ့ ထိန်းကျောင်းပြီး အိမ်ရောင်းချမှုတွေကိုပါ စိစစ်နိုင်မှလည်း ပြည်တွင်းက နိုင်ငံခြားငွေစီးထွက်ရာ အဓိကလမ်းကြောင်းကို ပိတ်နိုင်မှာဖြစ်သလို အိမ်ခြံမြေစျေး ကျဆင်းလာမှလည်း မြန်မာပြည်မှာ ဆက်နေထိုင်လိုသူပိုများလာမဲ့သဘောလို့မြင်ရပြီး ဒီအိမ်ခြံမြေစျေး မထိန်းနိုင်သရွေ့တော့ အိမ်ရောင်းပြီး ထိုင်းပြောင်းမှုတွေ မရပ်ပါဘူးလို့ သုံးသပ်မိရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။