October 23, 2024

MT News

Written by Naing Thuta

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်ရှိ နေလ “ရွှေဆိုင်နှင့် ရွှေပန်းတိမ်”သို့ အမျိုးသား ၂ ဦးက သေနတ်ဖြင့် ချိန်ရွယ်၍ ရွှေထည်လုယူရန်ကြံရွယ်စဥ် ဖန်ခွက်၊ ထမင်းချိုင့်များဖြင့် ကာကွယ်ပစ်ပေါက်ခံရ၍ လုယက်သူများထွက်ပြေးရမှု ဒီဇင်ဘာ ၂၀ ရက်က ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြနန္ဒာဈေးရှိ နေလ “ရွှေဆိုင်နှင့် ရွှေပန်းတိမ်”သို့ ဒီဇင်ဘာ၂၀ ရက် ညနေ ၄ နာရီခန့်က အမည်မသိ အမျိုးသား ၂ ဦးမှာ ကလစ်ဆိုင်ကယ်အနက်ရောင်ဖြင့် ရောက်ရှိလာပြီး ရွှေဆိုင်မှတစ်ကျပ်သားခန့်ရှိ ဟန်းချိန်းအားပြသရန် ပြောဆိုသဖြင့် ထုတ်ပြနေစဉ် ၎င်းတို့တွင်ပါလာသော သေနတ်အတိုဖြင့် ချိန်ရွယ်ပြီး လုယူရန် ကြိုးစားခဲ့သော်လည်း ရွှေဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းများက ထမင်းချိုင့်နှင့် ဖန်ခွက်များဖြင့် လိုက်လံပစ်ပေါက်ခဲ့ရာ ရွှေထည်ပစ္စည်းမှာ လုယက်သူများထံ ပါရှိသွားခြင်းမရှိသလို ၎င်းတို့ ၂ ဦးမှာလည်း ၁၁၀ လမ်းအတိုင်း အနောက်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း ဆိုင်ပိုင်ရှင်ထံမှ သိရသည်။

“တော်သေးတယ် သားနဲ့ဝန်ထမ်းတွေက ပါးနပ်လို့ပေါ့။ သူတို့က ရွှေကိုထုတ်ပြပြချင်းပဲ အိတ်ထဲက သေနတ်အတိုကို ထုတ်တဲ့အချိန်မှာ သူတို့အနောက်မှာ ကျွန်တော့်သားနဲ့ ပန်းတိမ်ဆရာတစ်ယောက်က ရှိနေတော့ ချက်ချင်း သူတို့လက်ထဲက ကိုင်ထားတဲ့ ထမင်းချိုင့်နဲ့ ဖန်ခွက်တွေနဲ့ပေါက်တော့ အဲဒီကောင်တွေ့လန့်သွားပြီး ထွက်ပြေးသွားကြတာ။ သေနတ်က အတုပဲဖြစ်မယ်။ မဟုတ်ရင် အပစ်ခံရမှာသေချာတယ်။ ဆိုင်မှာလည်း အခြားဝန်ထမ်းတွေရှိနေတုန်းမို့ တော်သေးတယ်”ဟု အဆိုပါ ဆိုင်ပိုင်ရှင်က MT News သို့ ပြောသည်။

ထိုလုယက်မှုဖြစ်စဥ်အတွက် သက်ဆိုင်ရာက CCTV များ ကြည့်ရှုစစ်ဆေးနေပြီး နေလ ရွှေဆိုင်လုယက်ခံရသောနေ့သည့် မန္တလေးရှိ မောသစ်ရွေဆိုင်အား နေအိမ်ရှေ့တွင် ပင် လူ ၄ ဦးက သေနတ်မိုးပေါ်ထောင်ဖောက်ပြီး တစ်ပိသာခန့်ရှိ ရွှေခြင်း ၂ ခြင်းနှင့် ကျပ်သိန်း ၁၀၀ ကျော် လုယက်သွားခဲ့သည့်နေ့လည်း ဖြစ်သည်။ လက်ရှိတွင် ထိုလုယက်မှုတရားခံများ ဖမ်းဆီးရမိမှုမရှိသေးကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *