October 23, 2024

၅.၆.၂၀၂၄
Translated by Htwe Ko Tun

ဥရောပသမဂ္ဂနိုင်ငံတွေက ထိန်းချုပ်ထားတဲ့ရုရှားဗဟိုဘဏ်ရဲ့ပစ္စည်းဥစ္စာတွေက ရရှိတဲ့ ဝင်ငွေ အကျိုးအမြတ်ကို ယူကရိန်းနိုင်ငံပြန်လည်ထူထောင်ရေးအတွက် အသုံးပြုဖို့ဖယ်ထားရန် ဇွန်လ ၄ ရက်က သဘောတူခဲ့ကြတယ်လို့ ရှေးဦးသတင်းတစ်ရပ်က ဆိုပါတယ်။

ဥရောပတိုက်မှာ အချိန်အကန့် အသတ်မရှိ ထိန်းချုပ်ခြင်းခံထားရတဲ့ ရုရှားနိုင်ငံရဲ့ ပစ္စည်းဥစ္စာတွေနဲ့ ယူကရိန်းအစိုးရကို ငွေကြေး အထောက်အပံ့တွေ ပြုလုပ်သွားဖို့ အမေရိကန်အစိုးရကလည်း လိုလားနေတယ်လို့ Financial Times သတင်းစာကရေးသားဖော်ပြခဲ့ပါတယ်။

ပေါက်ကြားသိရှိရတဲ့ ဆွေးနွေးချက်တစ်ခုအရ တကယ်လို့ ဥရောပသမဂ္ဂက ရုရှားအစိုးရကို ပိတ်ဆို့မှုတွေ အကန့်အသတ်မရှိ တိုးချဲ့နိုင်မယ်ဆိုရင် ထိန်းချုပ်ခြင်းခံထားရတဲ့ ရုရှားနိုင်ငံရဲ့ ပစ္စည်းဥစ္စာတွေမှ ရရှိတဲ့အမြတ်တွေကို ယူကရိန်းနိုင်ငံထံ ဒေါ်လာ ဘီလျံ ၅၀ ချေးငွေပေးဖို့ ဦးဆောင်မှုပြုဖို့အတွက် အမေရိကန်အစိုးရက အဆင်သင့်ရှိနေတယ်လို့ဆိုပါတယ်။

အမေရိကန်အနေနဲ့ ရုရှားနိုင်ငံရဲ့ ပစ္စည်းဥစ္စာတွေကို ဥရောပသမဂ္ဂက ထိန်းချုပ်ပိတ်ဆို့မှုတွေ ပိုမိုကြာရှည်ဖို့လိုအပ်နေတယ်ဆိုရမှာပါ။ ဒီပိတ်ဆို့မှုသက်တမ်းက ခြောက်လတစ်ခါကုန်ဆုံးပြီး တညီတညွတ်ထဲ ဖြစ်တဲ့ အများသဘောတူဆန္ဒနဲ့ ထပ်မံသက်တမ်းတိုးရတာပါ။ အမေရိကန်အစိုးရက ဒီပိတ်ဆို့မှုကို စစ်ပွဲလုံးဝပြီးစီးလို့ အမေရိကန်အနေနဲ့ပေးဆပ်ရန်ရှိတာတွေ လုံးဝမကျန်တော့ဟု အာမခံနိုင်တဲ့အထိ ဆက်လက်သက်တမ်းတိုးနေစေလိုတာပါ။

ဒါပေမယ့်လည်း ဒီလို အပြောင်းအလဲတစ်စုံတစ်ရာ လုပ်ဖို့အတွက် ဥရောပသမဂ္ဂအနေနဲ့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန် အပါအဝင် ဥရောပနိုင်ငံတွေက ခေါင်းဆောင်တွေရဲ့ အတည်ပြုမှုလိုအပ်ပါတယ်။ ဒီမှာ ဟန်ဂေရီဝန်ကြီးချုပ်ကိုမှ အထူးဖော်ပြရတာကလဲ။ သူကပိတ်ဆို့မှုဆုံးဖြတ်ချက်တွေအပေါ် သဝန်တိုစွာလို့ပဲဆိုရမလို စဉ်းစားချင့်ချိန်မှုတွေလုပ်တတ်လို့ပါပဲ။

အမေရိကန်ရဲ့ အထက်မှာဖော်ပြသလို ပိတ်ဆို့ခံထားရတဲ့ ရုရှားပစ္စည်းဥစ္စာတွေနဲ့ပတ်သက်လို့ ဆောင်ရွက်လိုတဲ့ဆန္ဒကို ဥရောပခေါင်းဆောင်တွေရဲ ဆွေးနွေးချက်စာမျက်နှာမှာ အကြမ်းဖျင်းဖော်ပြခဲ့ပါတယ်။ ဇွန်လ ၅ ရက်မှာ ပြုလုပ်မယ့် ဥရောပသမဂ္ဂ ဘဏ္ဍာရေးဝန်ကြီးတွေရဲ့ အလှည့်ကျအစည်းအဝေးမှာတော့ ယူကရိန်းနိုင်ငံအတွက် ကြိုတင်ပေးငွေတွေကောက်ခံမှုကို ဆွေးနွေးကြဖို့ ကြိုတင်ပြင်ဆင်ထား တာလည်းဖြစ်ပါတယ်။

Financial Times သတင်းစာက အရင် သတင်းဖော်ပြခဲ့ဖူးသလိုပါပဲ။ အမေရိကန်အစိုးရက အီတလီမှာ နောက်ရက်သတ္တပတ်အတွင်းကျင်းပမယ့် ဂျီ-၇ နိုင်ငံတွေ အစည်းအဝေးမှာ ဂျီ-၇ နိုင်ငံတွေကို ယူကရိန်းကိုထောက်ပံ့ဖို့ အနောက်အုပ်စုအနေနဲ့ ဥရောပကထိန်းချုပ်ထားတဲ့ရုရှားပစ္စည်းဥစ္စာတွေမှ ရရှိတဲ့ ဝင်ငွေကို ချေးငှားရယူအသုံးပြုဖို့တိုက်တွန်းသွားလိုပါတယ်။ ဒါကြောင့်လည်း အမေရိကန်က ဥရောပသမဂ္ဂ အနေနဲ့ ဒါကို သဘောတူဖို့ ဂျီ-၇ အစည်းအဝေးမတိုင်ခင် ဖိအားပေးနေတာပါပဲ။ တစ်ဖက်မှာလည်း နိုဝင်ဘာလ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ပြန်လည်ရွေးချယ်ခံလာရနိုင်ဖွယ်ရှိနေတဲ့၊ ယူကရိန်းကို သူ့လက်ထက်ကျရင် ငွေကြေးအထောက်အပံ့လုံးဝမပေးနိုင်ဘူးလို့ပြောထားတဲ့ ဒေါ်နယ်ထရန့် မတိုင်ခင် အမေရိကန်ရဲ့ ဒီမိုကရက်အစိုးရက ကြိုးစားနေခြင်းပါပဲ။ ဒီမှာ ပြင်သစ်၊ ဂျာမနီနဲ့ အီတလီတို့က ဂျီ-၇ အုပ်စုဝင်နိုင်ငံတွေဖြစ်ပေမယ့် အခြားသော ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ အပါအဝင် အဖွဲ့ဝင် ၂၇ နိုင်ငံရဲ့ တညီတညွတ်ထဲ အတည်ပြုမှုက လိုအပ်နေတာလည်းဖြစ်ပါတယ်။

အချို့သော ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအဖို့လည်း အမေရိကန်အစိုးရလိုချင်တဲ့ ငွေကြေးဆိုင်ရာအာမခံချက်တွေအပေါ် စိုးရိမ်ပူပန်မှုတွေ ရှိနေကြပါတယ်။

ရုရှား-ယူကရိန်းစစ်ပွဲစတင် ဖြစ်ပွားခဲ့ချိန်ကစလို့ ဥရောပသမဂ္ဂနဲ့ ဂျီ-၇ နိုင်ငံတွေက ရုရှားနိုင်ငံရဲ့ အရံ နိုင်ငံခြားသုံးငွေ ထက်ဝက်ခန့်ကို ထုတ်ယူသုံးစွဲခွင့်မပြုဘဲပိတ်ပင်ထားခဲ့တာပါ။ ဒီငွေပမာဏက ယူရိုငွေ ဘီလျံ ၃၀၀ အထိရှိမှာဖြစ်ပြီး ဘီလျံ ၂၀၀ ခန့်က ဥရောပသမဂ္ဂမှာဖြစ်ကာ အဓိကအားဖြင့် ကမ္ဘာ့ အကြီးမားဆုံးဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ ဘယ်လ်ဂျီယံနိုင်ငံမှ Belgian Euroclear ငွေကြေးအဖွဲ့အစည်းထံမှာလို့လည်း သိရပါတယ်။

ရုရှားအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဆာဂျီလက်ဗ်ရော့ဗ်ကတော့ ဒီလိုဆုံးဖြတ်ချက်တွေသာပြုခဲ့မယ်ဆိုရင် နိုင်ငံတကာဥပဒေရဲ့ စည်းမျဉ်းတွေ၊ စံနှုန်းတွေအားလုံးကိုချိုးဖောက်ခြင်းဖြစ်မှာဖြစ်ပြီး ရုရှားကလည်း အနောက်အုပ်စုအတွင်းမှပစ္စည်းဥစ္စာတွေကိုသိမ်းယူဖို့ တာဝန်ရှိလာမယ်လို့ဆိုခဲ့ပါတယ်။

ဒါကြောင့်လည်း မိမိနဲ့အဆင်မပြေတဲ့နိုင်ငံတွေရဲ့ ငွေကြေးပစ္စည်းဥစ္စာတွေဆိုရင်ခုလိုပဲ ပိတ်ဆို့ထိန်းသိမ်းထားတတ်တဲ့ အနောက်အုပ်စုအဖို့ ဒီတစ်ကြိမ်မှာ ဘယ်လိုရှေ့ဆက်ဖြစ်လာမလဲစိတ်ဝင်စားဖွယ်ဖြစ်နေရပါတယ်။

Ref- Financial Times, RIA

Leave a Reply

Your email address will not be published. Required fields are marked *