October 23, 2024

၅.၆.၂၀၂၄
Written By Thandar

ဂမ္ဘီရဆန်ဆန် မေတ္တာဖွဲ့ဇာတ်လမ်း၊ ရသစုံပါဝင်တဲ့ “လျှောက်သောလမ်း” ဇာတ်လမ်းတွဲမှာ အရိပ်ကိုကြည့်ပြီး ရှေ့ဖြစ်ကိုဟောတဲ့ ဆရာဓူဝံကာရိုက်တာနေရာက သရုပ်ဆောင်ထားတယ်လို့ အဆိုတော် သရုပ်ဆောင် ခိုင်နိုးက ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ ဒီဇာတ်လမ်းတွဲလေးက မေတ္တာဖွဲ့ ၊ Horror နဲ့ ဂမ္ဘီရဆန်ဆန်၊ ဝိဇ္ဇာ ဇာတ်လမ်းရသ အစုံလေး ပါပါတယ်။ ကျွန်တော့်အနေနဲ့ ဒီဇာတ်လမ်းတွဲမှာ ဓူဝံဆိုတဲ့ လူတစ်ယောက်ရဲ့ အရိပ်ကိုကြည့်ပြီး ရှေ့ဖြစ်ကိုဟောတဲ့ ဆရာကာရိုက်တာနေရာက သရုပ်ဆောင်ထားပါတယ်။ ဒီပညာရပ်တွေအပေါ်မှာ ယုံတယ် မယုံဘူးဆိုတာထက် ပညာရပ်တိုင်းကို လေးစားမှုရှိပါတယ်။ ဒီကာရိုက်လေးအတွက်တော့ ဇာတ်လမ်း၊ ဇာတ်ညွှန်းဖြစ်တဲ့ အကိုခွန်သာချိုကိုပဲ ပြင်ဆင်ရမယ့်အပိုင်းတွေ သေချာမေးပြီး စိတ်နှစ်ခဲ့ရပါတယ်။ အပြင်မှာလေ့လာဖို့က အရိပ်တွက်ဟောတဲ့သူကိုလည်း မမြင်ဖူးတော့ ဇာတ်လမ်းနဲ့ဇာတ်ညွှန်းပိုင်ရှင်ကိုပဲမေးပြီး ပြင်ဆင်ခဲ့ရပါတယ်”လို့ အဆိုတော်သရုပ်ဆောင် ခိုင်နိုးက MT Entertainment ကိုပြောပါတယ်။

အဆိုပါဇာတ်လမ်းတွဲရဲ့ ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းပိုင်းကို ခွန်သာချိုက ရေးသားထားပြီး ဒါရိုက်တာကီနာက သရုပ်ဆောင်တွေဖြစ်တဲ့ ခွန်သာချို၊ မှူးသခင်၊ ခိုင်နိုး၊ အကယ်ဒမီ မေသဥ္ဇာဦး၊ သံစဥ်မိုးထက်၊ အာကာမြင့်အောင်၊ မအိ၊ ရဲမွန်၊ ဟန်မြင့်၊ ဦးနေသွေးသစ်၊ နန်းခမ်းဝါ၊ ညိုမီ၊ အိမ့်ခြူးပွင့်၊ အိဒြာချမ်းမြေ့ စတဲ့သူတွေနဲ့ ရိုက်ကူးထားပါတယ်။

“ဒီဇာတ်လမ်းတွဲက ကျွန်တော့်ရဲ့ ၄ တွဲမြောက်ရိုက်ကူးပြသတဲ့ကားပါ။ Actor ကြီးတွေအနေနဲ့ ခွန်သာချိုရယ်၊ အကယ်ဒမီ မေသဉ္ဇာဦး၊ အာကာမြင့်အောင်တို့နဲ့ တွဲဖက်သရုပ်ဆောင်ထားရတာမို့ တချို့ပညာတွေလည်း ရပါတယ်။ ဒီဇာတ်ကားက ပရိသတ်အနေနဲ့ ကြည့်ရကျိုးနပ်စေမယ့် ရသစုံဇာတ်လမ်းတွဲကြီးဖြစ်လို့ အားပေးကြပါဦးလို့ ပြောချင်ပါတယ်ဗျာ” လို့ သူကဆက်ပြောပါတယ်။

အပိုင်း ၁၉ ပိုင်းပါဝင်တဲ့ “လျှောက်သောလမ်း” ဇာတ်လမ်းတွဲကို မနက်ဖန် ဇွန်လ ၆ ရက် ည ၈နာရီက စတင်ပြီး တနင်္လာနေ့ကနေ သောကြာနေ့အထိ Fortune TV ရုပ်သံလိုင်းက ထုတ်လွှင့်ပြသမှာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *