October 23, 2024

၅. ၆. ၂၀၂၄
Written by Nyein Kyaw

YGEA က ရွှေဈေးနှုန်း ကျပ် ၄၈ သိန်းကျော်အထိ တိုးမြှင့်သတ်မှတ်ပြီးနောက် ၎င်းတို့သတ်မှတ်ထားသော ရွှေဈေးနှုန်းဖြင့် ရွှေဆိုင်များ နေ့စဉ်ဖွင့်လှစ်ရောင်းဝယ်ရန်နှင့် လိုက်နာမှုမရှိပါက ထိရောက်စွာအရေးယူမည်ဟု ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။

“ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း (YGEA)မှ နေ့စဉ်ရောင်းချရမည့် ရွှေဈေးနှုန်းကို တစ်နေ့ ၃ ကြိမ် သတင်းထုတ်ပြန်ပေးလျက်ရှိပါသည်။ ရွှေရောင်းချသည့်အခါတွင် သတ်မှတ်သည့် ဈေးနှုန်းအတိုင်းရောင်းချပါရန် အသိပေးအပ်ပါသည်။ ရွှေဆိုင်များကိုလည်း နေ့စဉ်ဖွင့်လှစ်၍ အရောင်းအဝယ်ပြုလုပ်ကြပါရန် အသိပေးအပ်ပါသည်။ ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါသည်။ ‌ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် ရွှေဆိုင်များအနေဖြင့် နေ့စဉ်ရွှေဆိုင်များအား ဖွင့်လှစ်ခြင်း၊ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချခြင်းများကို ဆောင်ရွက်ပေးပါရန် အသိပေးအပ်ပါသည်။ သက်ဆိုင်ရာမှ လာရောက်စစ်ဆေးသည့်အခါတွင် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။ ပူးပေါင်းဆောင်ရွက်မှုအတွက် အထူးကျေးဇူးတင်ပါသည်” ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဝိသမလောဘသမားများက ရွှေနှင့် ဒေါ်လာဈေးနှုန်းများ ဈေးကစားဆွဲတင်ခဲ့သည့် ဖြစ်စဉ်ကြောင့် မေလ နောက်ဆုံးအပတ်အတွင်း ရွှေဈေးနှုန်း ၅၈ သိန်းကျော်နှင့် ဒေါ်လာဈေး ၄၈၀၀ ခန့် မြင့်တက်ခဲ့ချိန်အထိ YGEA က သတ်မှတ်ရွှေဈေး အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၉၉၉,၀၀၀ ဝန်းကျင်သာ သတ်မှတ်ခဲ့သည်။

သို့သော် ရွှေနှင့်ဒေါ်လာဈေးကစားသူ ဝိသမလောဘသမားများကို အရေးယူခဲ့ကြောင်း ဇွန်လ ၂ ရက်နှင့် ၃ ရက်တို့တွင် ထုတ်ပြန်ပြီးနောက် ပြည်တွင်း၌ ရွှေဈေး ၅၂ သိန်းကျော်နှင့် ဒေါ်လာဈေး ကျပ် ၄၃၀၀ ဝန်းကျင်အထိ ပြန်ကျခဲ့ချိန်တွင် YGEA က ရွှေဈေးမြင့်ချိန် တိုးမြှင့်သတ်မှတ်ပြီးဖြစ်သည့် သတ်မှတ်ရွှေဈေး ၄၁ သိန်းကျော်မှ ကျပ် ၄၈ သိန်းကျော်သို့ ထပ်မံခုန်တက် တိုးမြှင့်သတ်မှတ်ခဲ့သည်။

ယင်းကဲ့သို့ တိုးမြှင့်သတ်မှတ်လိုက်ခြင်းကြောင့် ပြည်တွင်းရွှေဈေး ကျပ် ၄၈ သိန်းဝန်းကျင်အထိသာ ကျဆင်းနိုင်မည်ဖြစ်ပြီး ဝိသမလောဘသမားများ ဈေးကစားမှု မပြုလုပ်မီကာလ ကျပ် ၄၁ သိန်းဝန်းကျင်သို့လည်း ပြန်ကျလာနိုင်မည်မဟုတ်သောကြောင့် ရွှေဝယ်ပြည်သူများအဖို့ အခေါက်တစ်ကျပ်သား ကျပ်ခုနစ်သိန်းကျော် တရားဝင် ဈေးနှုန်းဆွဲတင်ခံခဲ့ရခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *