MT News
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သော ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် တစ်ကျပ်သားရွှေဒင်္ဂါးနှင့် ငါးမူးသား ရွှေဒင်္ဂါးပြား အသစ်နှစ်မျိုးအား အသစ်သွန်းလောင်း ထုတ်ဝေမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် စတင်ဝယ်ယူနိုင်မည်ဖြစ်သည်။
အသစ်သွန်းလောင်းသည့် တစ်ကျပ်သားရွှေဒင်္ဂါး၏ အချက်အလက်များမှာ အချင်း ၂၆ မီလီမီတာ၊ အထူမှာ ၂ မီလီမီတာရှိ၍ ဒင်္ဂါး၏ရှေ့မျက်နှာပြင်အလယ်ဗဟိုတွင် ဆင်ဖြူတော်ပုံပါရှိပြီး ပုံ၏ယာဖက်တွင် “၇၅ နှစ်မြောက်” ဟု ဖော်ပြပါရှိသည်။ ဆင်ဖြူတော်၏ အောက်ခြေတွင် “၁ ကျပ်သား ၂၀၂၃” ဟု လည်းကောင်း၊ ရွှေဒင်္ဂါး၏အနားပတ်လည်တွင် “မြန်မာနိုင်ငံတော်ဗဟိုဘဏ်” “၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့” ဟု လည်းကောင်း ဖော်ပြထားသည်။ ရွှေဒင်္ဂါး၏ ကျောဖက်မျက်နှာပြင်တွင်လည်း ဆင်ဖြူတော်ပုံပါရှိပြီး၊ အင်္ဂလိပ်ဘာသာဖြင့် ယာဖက်တွင် “ 75th ” ၊ ပုံ၏အောက်ဖက်တွင် “16.329 gm. 2023” ဟုလည်းကောင်း၊ ရွှေဒင်္ဂါးပြားအနားပတ်လည်တွင် “Central Bank of Myanmar” “75th Diamond Jubilee Independence Day” ဟုလည်းကောင်း ဖော်ပြထားသည်။
ထို့အတူ အသစ်သွန်းလောင်းသည့် ငါးမူးသားရွှေဒင်္ဂါးမှာ အချင်း ၂၂ မီလီမီတာ၊ အထူမှာ ၁ ဒသမ ၅ မီလီမီတာရှိ၍ ဒင်္ဂါး၏ ရှေ့မျက်နှာပြင် အလယ်ဗဟိုတွင် ဆင်ဖြူတော်ပုံပါရှိပြီး ပုံ၏ယာဖက်တွင် “၇၅ နှစ်မြောက်” ဟု ဖော်ပြပါရှိသည်။ ဆင်ဖြူတော်၏အောက်ခြေတွင် “၅ မူးသား ၂၀၂၃” ဟု လည်းကောင်း၊ ရွှေဒင်္ဂါး၏ အနားပတ်လည်တွင် “မြန်မာနိုင်ငံတော်ဗဟိုဘဏ်” “၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့” ဟု လည်းကောင်းဖော်ပြထားသည်။ ရွှေဒင်္ဂါး၏ ကျောဖက်မျက်နှာပြင်တွင်လည်း ဆင်ဖြူတော်ပုံပါရှိပြီး၊ အင်္ဂလိပ်ဘာသာဖြင့် ယာဖက်တွင် “ 75th ” ၊ ပုံ၏အောက်ဖက်တွင် “8.164 gm. 2023” ဟု လည်းကောင်း၊ ရွှေဒင်္ဂါးပြားအနားပတ်လည်တွင် “Central Bank of Myanmar” “75th Diamond Jubilee Independence Day” ဟု လည်းကောင်း ဖော်ပြထားသည်။
တစ်ကျပ်သားနှင့် ငါးမူးသားရွှေဒင်္ဂါးများ ဝယ်ယူသည့်အခါ ရွှေဒင်္ဂါးပြားနှင့်အတူ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် သွန်းလောင်းသည့်ဌာန အကြီးအကဲတို့၏ မှန်ကန်ကြောင်း ထောက်ခံချက်များ တစ်ပေါင်းတည်း ပါရှိမည် ဖြစ်သည်။
အဆိုပါ စိန်ရတုလွတ်လပ်ရေးအထိမ်းအမှတ် ထုတ်ဝေမည့် တစ်ကျပ်သားနှင့် ငါးမူးသား ရွှေဒင်္ဂါးများကို မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၏ အရောင်းဆိုင်များ(နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး)တွင် လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၅ ရက်မှစ၍ ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။