October 23, 2024

ဓာတ်ပုံ -မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ကျောက်ဆည်မြို့)

၅.၆.၂၀၂၄
Written by TZ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ တောင်ဘက်ဇလဲကျေးရွာဘုရားအနီး ဝက်အကောင် ၁၀၀ ခန့် တင်ဆောင်လာသည့် ၆ ဘီးယာဥ်မှာ ဆိုက်ကားတစ်စီးအား ရှောင်တိမ်းရာမှ အရှိန်လွန်၍တိုက်မိပြီး ထိုဆိုက်ကားမောင်းသည့် အမျိုးသား ၁ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်တွင် ဇွန်လ ၄ ရက် ည ၁၀ နာရီခန့်အချိန် တောင်ဘက်ဇလဲကျေးရွာအနီး၌ ခရီးသည်သားအမိ ၂ ဦးတင်ဆောင်လာသည့် ဆိုက်ကားမှာ လမ်းသွယ်ကြားမှ လမ်းမကြားအပေါ်သို့တက်သည့်အချိန် ဝက်များတင်ဆောင်လာသည့် ယာဥ်မှာ ထိုဆိုက်ကားအား ရှောင်တိမ်းရင်းအရှိန်လွန်၍ ဝင်တိုက်ကာ ယာဥ်တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ထိုယာဥ်တိမ်းမှောက်တိုက်မိမှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိသော ဆိုက်ကားမောင်းသည့်အမျိုးသားကို ကျောက်ဆည်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကုသစဥ် သေဆုံးသွားကြောင်း သိရသည်။

“ဆိုက်ကားသမားမှားတာ။ သူက လမ်းသွယ်ကနေ လမ်းမကြီးပေါ်မောင်းတက်တာ။ အဲ့မှာ လမ်းမအတိုင်းမောင်းလာတဲ့ ယာဥ်ကရှောင်ရင်း ဖြစ်သွားတာ။ ကားပေါ်မှာ ဝက်က အကောင် ၁၀၀ ခန့်ပါတယ်။ ဝက်တွေတော့ ဘာမှတော့မဖြစ်ဘူး။ ဆိုက်ကားနင်းတဲ့သူသေတယ်။ ဆိုက်ကားမှာလိုက်လာတဲ့ သားအမိ ၂ ယောက်ကတော့ ဘာမှမဖြစ်ဘူး။ ကားပေါ်က ၅ ယောက်ကတော့ ဒဏ်ရာအနည်းငယ်ရတယ်”ဟု မြန်မာနိုင်င်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ကျောက်ဆည်မြို့)မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *