October 23, 2024

၅.၆.၂၀၂၄
Written By Zun

အမျိုးသမီး ၂ ဦးပါ ဓားပြအဖွဲ့က မန္တလေးတွင် အထည်ဆိုင်တစ်ဆိုင်ကို ဇွန်လ ၄ ရက် နံနက် ၉ နာရီခန့်က ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးမြို့ခံတစ်ဦးက MT News ကို ပြောသည်။

ဖြစ်စဉ်မှာ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ လမ်း ၆၀၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြားရှိ ဖက်ရှင်ဆိုင်တစ်ဆိုင်ကို ယမန်နေ့ နံနက် ၉ နာရီခန့်က အမည်မသိ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး၂ ဦး ဆိုင်ကယ်၂ စီးဖြင့် ရောက်ရှိလာပြီး ဓားပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အထည်ဆိုင်က ဖက်ရှင်အထည်တွေရောင်းတာ။ ဆိုင်ကယ် ၂ စီးနဲ့ လူ ၄ ယောက်ပေါ့။ အမျိုးသမီး ၂ ယောက်၊ အမျိုးသား ၂ ယောက်။ သူတို့က ဆိုင်ထဲကိုဝင်ပြီးတော့ အရောင်းဝန်ထမ်းများကို ဓားထုတ်ပြီး ခြိမ်းခြောက်တယ်။ ပြီးတော့ ဝန်ထမ်းတွေကို အဲဒီဆိုင်ရဲ့ ရေချိုးခန်းထဲထည့်ပြီးတော့ သူတို့က လက်ကိုင်ဖုန်း၊ မနက်ပိုင်း ရောင်းလို့ ရထားတဲ့ ငွေတွေ၊ ဝန်ထမ်းတွေ ဝတ်ထားတဲ့ ရွှေတွေကို ယူပြီး ဆိုင်ကယ်နဲ့ ပြန်မောင်းပြေးသွားတယ်လို့ ကနဦး သတင်းပေးပို့ချက် ရှိတယ်”ဟု မန္တလေးမြို့ လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူက MT News ကို ပြောသည်။

အဆိုပါ ဓားပြများမှာ ဆိုင်ဝန်ထမ်းများ၏ လက်ကိုင်ဖုန်း ၂ လုံး၊ နံနက်ပိုင်း ရောင်းချထားသည့် ငွေကျပ် တစ်သိန်းကျော် နှင့် ဆိုင်ဝန်ထမ်းများ ဝတ်ဆင်ထားသော နားကပ်၊ ဆွဲကြိုးတို့ကိုယူဆောင်ကာ ၎င်းတို့ စီးလာသည့် ဆိုင်ကယ်ဖြင့် ပြန်လည် ထွက်ပြေးသွားကြောင်း သိရသည်။

“အဲဒီ ဖြစ်စဉ်ကို အမှုဖွင့်တာ မရှိသေးဘူး။ လတ်တလောတော့ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့က ဖြစ်စဉ်တစ်ခုအနေနဲ့ပဲ တင်ပြထားတာ ရှိတယ်”ဟု အဆိုပါ လုံခြုံရေးနှင့် နီးစပ်သူက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *