၅.၆.၂၀၂၄
Written by KL
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်တွင် ပြီးခဲ့သော ရက်ပိုင်းက ဂတ်စ်အိုးပေါက်ကွဲ မီးလောင်မှုကြောင့် မီးလောင်ဒဏ်ရာ ပြင်းထန်စွာရရှိ၍ စိုးရိမ်ရသူ ၅ ဦးအနက် သေဆုံးသူ ဦးရေမှာ ဇွန်လ ၄ ရက်နေ့အထိ ၄ ဦးရှိလာကြောင်း မီးလောင်ဒဏ်ရာရသူများကို ကူညီဆောင်ရွက်ပေးသူတစ်ဦးထံမှ သိရသည်။
မီးလောင်ဒဏ်ရာ ပြင်းထန်စွာရရှိသူများအနက် မေလ ၃၁ ရက်နေ့မှ ဇွန်လ ၄ ရက်အထိ ဦးမြအောင် (၇၃နှစ်)၊ ဦးသိန်းစိုး(၅၆နှစ်)၊ ဒေါ်မြမြဝင်း( ၅၉နှစ်)၊ ဦးအေးထွန်း(၃၇နှစ်) တို့ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဇွန်လ ၃ ရက်နေ့တစ်ရက်တည်းကို တစ်ကိုယ်လုံးမီးလောင်ဒဏ်ရာရရှိတဲ့သူ ၂ ဦးဆုံးတယ်။ ကျန်တဲ့တစ်ယောက် အရန်မီးသတ်တပ်ဖွဲ့ဝင် တစ်ယောက်လည်း တစ်ကိုယ်လုံးမီးလောင်ဒဏ်ရာရရှိခဲ့လို့ ရာခိုင်နှုန်းအားဖြင့် ၅၀ ပဲ”ဟု ကူညီသူတစ်ဦးက ပြောသည်။
မီးလောင်မှုဖြစ်စဥ်က ဂတ်စ်အိုးကို သွားပိတ်စဥ် ပေါက်ကွဲမှုကြောင့် ခန္ဓာကိုယ်အနှံ့ မီးလောင်ဒဏ်ရာရရှိခဲ့သည့် အောင်နန်းရိပ်သာအရှေ့အရန်မီးသတ်စခန်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင် အသက် ၄၈ နှစ်အရွယ် ဦးတင့်ခိုင်(ခ)ကိုပေတူးမှာ မန္တလေးဆေးရုံကြီး၊ ခွဲစိတ်ကုသဆောင်(၂)တွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
လတ်တလောတွင် မီးလောင်ဒဏ်ရာများရရှိသည့် အရန်မီးသတ်တပ်ဖွဲ့ဝင် ဦးတင့်ခိုင်ကို စေတနာရှင်ပြည်သူအချို့က ဆေးဝါးကုသရန်အတွက် လှူဒါန်းမှုများရှိပြီး ထပ်မံလှူဒါန်းလိုပါက အောင်နန်းရိပ်သာအရှေ့ အရန်မီးသတ်စခန်းသို့ ကိုယ် တိုင်သွားရောက်လှူဒါန်းနိုင်သကဲ့သို့ Kpay- 09687008690(Aung Thike)၊ Wave Pay- 09954155905 (Aung Thike)သို့ လှူဒါန်းနိုင်ကြောင်း သိရသည်။
မေလ ၃၁ ရက် နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက် ၈၁ × ၈၂ ကြား၊ ၃၂ × ၃၃ လမ်းကြားရှိ “အာရှမြန်မာ”လျှပ်စစ်နှင့် မီးဖိုချောင်သုံးပစ္စည်းအရောင်းဆိုင်တွင် ဂတ်စ်အိုးအကြီးမှ ဂတ်စ်အိုးအသေးသို့ဂတ်စ်များဖလှယ်ရာမှ ယိုစိမ့်မှုဖြစ်ကာ ပေါက်ကွဲမီးလောင်ခဲ့သဖြင့် ၂ ထပ်နေအိမ် ၂ လုံး၊ ဂိုထောင် ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အမျိုးသား ၉ ဦး အမျိုးသမီး ၆ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။
မီးလောင်မှုကြောင့် ဆိုင်ပိုင်ရှင် အမျိုးသားကြီးနှင့်အသက် ၁၉နှစ်အရွယ် ဆိုင်ဝန်ထမ်းအမျိုးသားတို့ကို ချမ်းအေးသာစံမြို့ နယ်၊ အမှတ်(၈)မြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။
ပုံစာ။ အသက်ရှင်ကျန်သူ မီးသတ်သမားနှင့် ကွယ်လွန်သူတို့ပုံရိပ်။