October 23, 2024

၅.၆.၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ရဲ့ ယူကရိန်းကိုထောက်ပံ့တဲ့လက်နက်တွေကို ရုရှားပြည်တွင်းတိုက်ခိုက်ဖို့ အမေရိကန် သမ္မတဂျိုးဘိုင်ဒန်က ခွင့်ပြုခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့တင်းမာမှုတွေက တတိယကမ္ဘာစစ်ကြီးဖြစ်ဖို့ ဦးတည်နေလေသလားလို့ ကမ္ဘာ့နိုင်ငံတွေအကြား စိုးရိမ်နေကြချိန်မှာ ယူကရိန်းက အမေရိကန်ထောက်ပံ့တဲ့လက်နက်တွေကို အသုံးပြုပြီး ရုရှားနိုင်ငံအတွင်းပိုင်းမှာရှိတဲ့ S-300 လေကြောင်းတိုက်ခိုက်မှု ကာကွယ်ရေးစနစ်တစ်ခုကို ဖျက်ဆီးခဲ့နိုင်တယ်လို့ ဇွန်လ ၃ ရက်မှာ ယူကရိန်းဝန်ကြီးတစ်ဦးက ပြောခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုက ဂျိုးဘိုင်ဒန်ရဲ့ အမေရိကန်လက်နက်တွေကို ရုရှားနိုင်ငံအတွင်းတိုက်ခိုက်ဖို့ တိတ်တဆိတ် ခွင့်ပြုခဲ့တယ်ဆိုတဲ့နောက် ယူကရိန်းတို့ရဲ့ပထမဆုံးတိုက်ခိုက်မှုလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီ တိုက်ခိုက်မှုမှာ အမေရိကန်ထောက်ပံ့တဲ့လက်နက်တွေနဲ့ တိုက်ခိုက်ခဲ့ခြင်းဟုတ်မဟုတ်တော့ ရှင်းရှင်းလင်းလင်း မပြောနိုင်သေးဘူးလို့ မီဒီယာတွေက ဆိုပါတယ်။

အမေရိကန်ထောက်ပံ့တဲ့လက်နက်တွေနဲ့ ရုရှားကိုတိုက်ခိုက်ခြင်းမပြုဖို့ ရုရှားအစိုးရရဲ့ သတိပေး ချက်တွေကို လျစ်လျူရှုခဲ့မယ်ဆိုရင်အမေရိကန်အနေနဲ့ သေကြေပျက်စီးမယ့်အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ရုရှားအစိုးရက ဇွန်လ ၃ ရက်မှာပြောကြားခဲ့ပါသေးတယ်။

ရုရှားအစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ ရက်ကော့ဗ် က “အမေရိကန်ခေါင်းဆောင်တွေကို သူတို့သာမှားယွင်းမှုတွေလုပ်ခဲ့ရင် သေကြေပျက်စီးမှု အကျိုးဆက်တွေဖြစ်လာမယ်လို့ သတိပေးချင်တယ်” လို့ ပြောကြားခဲ့တာပါ။ သူက အမေရိကန်အနေနဲ့ ထောက်ပံပေးထားတဲ့ ပက်ထရီယော့ ဒုံးကျည်တွေနဲ့ ရုရှားနိုင်ငံအတွင်းတိုက်ခိုက်ဖို့ ယူကရိန်းကိုခွင့်ပြုခဲ့မယ်ဆိုရင် ရုရှားကလည်းစစ်ပွဲကို အရှိန်မြှင့်ရမယ်လို့ ဆိုခဲ့ပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ဂျိုးဘိုင်ဒန်အစိုးရရဲ့ အမေရိကန်က ယူကရိန်းကိုထောက်ပံ့ထားတဲ့ စစ်လက်နက်တွေကို အသုံးပြုပြီး ရုရှားနိုင်ငံအတွင်း စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ခွင့်ပေးခဲ့တယ်လို့ဆိုပါတယ်။ တချို့ ဥရောပနိုင်ငံတွေက အစိုးရတွေကလည်း အလားတူခွင့်ပြုမှုတွေ မကြာသေးမီက ပြုလုပ်ထားကြပါသေးတယ်။

ရုရှားတပ်ဖွဲ့တွေကလည်း ယူကရိန်းနိုင်ငံ၊ ကာကစ်ဗ်ဒေသအတွင်း ရှေ့တိုးချီတက်လာနေကြတာကြောင့် ယူကရိန်းအစိုးရကလည်း အမေရိကန်ပံ့ပိုးတဲ့လက်နက်တွေကိုအသုံးပြုခွင့်တောင်းဆိုနေခဲ့တာပါ။ ဂျိုးဘိုင်ဒန်အနေနဲ့ ကာကစ်ဗ်ဒေသအတွင်း ဝင်ရောက်လာတဲ့ရုရှားတပ်ဖွဲ့တွေကို အမေရိကန်လက်နက်တွေနဲ့ တန်ပြန်တိုက်ခိုက်ခွင့်ပြုခဲ့ပေမယ့် ရုရှားနိုင်ငံအတွင်း တာဝေးပစ်တိုက်ခိုက်မှုတွေကို ခွင့်ပြုဖို့တော့ မူဝါဒမပြောင်းသေးဘူးလို့ အမေရိကန်အရာရှိတစ်ဦးကဆိုပါတယ်။

ရုရှားသမ္မတ ပူတင်ကလည်း “အမေရိကန်လက်နက်တွေနဲ့ ရုရှားကိုတိုက်ခိုက်ဖို့ ဂျိုးဘိုင်ဒန်ရဲ့ ခုလိုခွင့်ပြုပေးခဲ့မှုက ဥရောပမှာ စိုးရိမ်ဖွယ်အကျိုးဆက်တွေဖြစ်လာစေလိမ့်မယ်။ အမေရိကန်သမ္မတအနေနဲ့ ဘယ်လို ပြုမူခဲ့တာလဲ။ ရုရှားမှာ မဟာဗျူဟာမြောက်လက်နက်တွေရှိတယ်ဆိုတာလည်း ထည့်စဉ်းစားကြပါဦး”လို့ မေလ ၂၉ ရက်က သတိပေးခဲ့ပါသေးတယ်။

မေလ ၃၀ ရက်မှာလည်း ရုရှားအမျိုးသားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒီမီထရီ မက်ဗီဒက်ဗ်က ရုရှားကိုသာ တာဝေးပစ်လက်နက်တွေနဲ့တိုက်ခိုက်လာရင် ဒီလက်နက်တွေကို နေတိုးစစ်အရာရှိတွေက ယူကရိန်းမှာထိန်းချုပ်ပေးနေတာဖြစ်တဲ့အတွက် စစ်ရေးအထောက်အပံ့ပေးတဲ့အဆင့်မဟုတ်တော့ဘဲ စစ်ပွဲမှာပါဝင်လာတာဖြစ်နေပြီ။ ဒါဆိုရင် ဒီရန်လိုတဲ့နိုင်ငံတွေကို ရုရှားက နျူကလီးယားလက်နက်နဲ့ တုံ့ပြန်ရဖွယ်ရှိတယ်လို့ကို ပြောကြားခဲ့တာပါ။

ဒီလိုတင်းမာမှုတွေဖြစ်နေတဲ့ထဲ ယူကရိန်းရဲ့ ဇွန်လ ၃ ရက်မှာ ရုရှားနိုင်ငံအတွင်း လေကြောင်းရန် ကာကွယ်ရေးစနစ်တစ်ခုကို တိုက်ခိုက်ခဲ့မှုကတင်းမာနေတဲ့အခြေအနေကို ပေါက်ကွဲမှုများဖြစ်လာစေမလား စိုးရိမ်ဖွယ်ရာဖြစ်ခဲ့ရပါတယ်။တစ်ဖက်မှာလည်း ရုရှားနဲ့တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့က ဘက်ပေါင်းစုံမှာ မဟာမိတ်တွေအဖြစ် ပူးပေါင်းရပ်တည်လာကြပါတယ်။

ဒါကြောင့်လည်း ရုရှား-ယူကရိန်းစစ်ပွဲက နေတိုးနိုင်ငံတွေပါဝင်လာမှုနဲ့အတူ ရုရှားနဲ့နေတိုးအုပ်စု ထိပ်တိုက်တွေ့ကြကာ တတိယကမ္ဘာစစ်ဖြစ်လာလေမလားဆိုတဲ့ အခြေအနေထိကို ရောက်နေရပါတယ်။

Ref- Politico, CNN

ပုံစာ။ ရုရှားနိုင်ငံအတွင်းပိုင်းရှိ S-300 လေကြောင်းတိုက်ခိုက်မှု ကာကွယ်ရေးစနစ်တစ်ခုကို ယူကရိန်းကတိုက်ခိုက်ထားစဉ်

Leave a Reply

Your email address will not be published. Required fields are marked *