October 23, 2024

၅.၆.၂၀၂၄
Written by Nyein Kyaw

ယခုနှစ် မိုးရာသီတွင် နိုင်ငံပိုင်သစ်တောစိုက်ခင်းများ အပါအဝင် တစ်နိုင်ငံလုံး သစ်ပင်ပေါင်း ၂၂ ဒသမ ၃၃၂ သန်း စိုက်ပျိုး တည်ထောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး‌ကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂၀၂၄ ခုနှစ်၊ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအလယ်ပိုင်း မကွေး၊ မင်းဘူး၊ ညောင်ဦးနှင့် စစ်ကိုင်းမြို့တို့သည် ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် ပါဝင်ခဲ့ကြောင်း၊ ထို့ကြောင့်လည်း အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြေရေးလုပ်ငန်းများအတွက် သစ်တောဦးစီးဌာနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာနတို့က ယခုနှစ် မိုးရာသီတွင် တစ်ရွာ ၂ ဧက စိုက်ခင်း၊ ဘက်စုံသုံးစိုက်ခင်းနှင့် ကျေးရွာထင်းစိုက်ခင်း စုစုပေါင်း ၃၅၅၁ ဒသမ ၂၀ ဧက၊ ပျိုးပင်ပေါင်း နှစ်သန်းကျော်ကို ကျေးရွာပေါင်း ၈၀၉ ရွာတွင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် ကျေးရွာ၊ မြို့ပြ ပတ်ဝန်းကျင်နေရာ အသီးသီးတွင်လည်း ဒေသအလိုက် သင့်တော်သည့် အရိပ်ရအပင်များ၊ လေကာပင်များကို စဉ်ဆက်မပြတ် စိုက်ပျိုးရန်၊ သစ်ပင်သစ်တော်ထိန်းသိမ်းရန် အာဆီယံလမ်းမကြီးများ ဘေးဝဲယာ၊ အမြန်လမ်းမကြီးဘေးဝဲယာနှင့် ရထားလမ်းများ ဘေးဝဲယာများတွင်လည်း သစ်ပင်များစဉ်ဆက်မပြတ် စိုက်ပျိုးပြုစုထိန်းသိမ်းကြရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူခဲ့သည့် ၃ နှစ်ကျော်ကာလအတွင်း ကြိုးပြင်ကာကွယ်တော ၄၁ ခု၊ ဧရိယာဧက ၅၆၀,၀၀၀ ကျော်နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ ၁၄ ခု ဧရိယာဧက ၅၉၀,၀၀၀ ကျော် စုစုပေါင်း ဧရိယာဧက ၁ ဒသမ ၁၅ သန်းကျော်ကို တည်ထောင်ဖွဲ့စည်းနိုင်ပြီး သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ယခုအခါ ၂၀၂၅ ခုနှစ် သစ်တောသယံဇာတ ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာ ထုတ်ပြန်နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာတွင် ပဏာမ လေ့လာစမ်းစစ်မှုများအရ ပင်လယ်ကမ်းရိုးတန်းဒေသများတွင် ပေါက်ရောက်သည့် ဒီရေတိုးဧရိယာသည် ၂၀၂၀ ပြည့်နှစ်တွင် ဧက ၁ ဒသမ ၀၇ သန်း၊ နိုင်ငံဧရိယာ၏ သုည ဒသမ ၆၄ ရာခိုင်နှုန်းရှိခဲ့ပြီး ယခုအခါတွင် ဧက ၁ ဒသမ ၁၃ သန်း နိုင်ငံဧရိယာ၏ သုည ဒသမ ၆၇ ရာခိုင်နှုန်းအထိ တိုးတက်လာသည်ကို အားတက်ဖွယ်တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်းနှင့် မပျက်စီးအောင် ထိန်းသိမ်းကာကွယ်စောင့်ရှောင်နိုင်ခြင်း၏ အကျိုးရလဒ်များပင် ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း၌ မြန်မာနိုင်ငံသည် သစ်တောဧရိယာ ဒုတိယအများဆုံးပိုင်ဆိုင်သည့် နိုင်ငံဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ ကုလသမဂ္ဂစားရေရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ အစီရင်ခံစာအရ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိကြောင်း၊ သစ်တောပြုန်းတီးမှုအနေဖြင့် ကြည့်ပါက ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အတွင်း နှစ်စဉ် ၁ ဒသမ ၇ ရာခိုင်နှုန်း ပြုန်းတီးခဲ့သော်လည်း ၂၀၁၀ မှ ၂၀၂၀ ပြည်နှစ်အတွင်း နှစ်စဉ် သုည ဒသမ ၉ ရာခိုင်နှုန်းသာ ပြုန်းတီးခဲ့သည်ကို တွေ့ရသည့်အတွက် သစ်တောပြုန်းတီးမှုကို လျော့နည်းအောင် ထိန်းသိမ်းနိုင်ခဲ့ခြင်းကို တွေ့ရကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *