October 23, 2024

ပြည်သူပိုင်ငွေများနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီသာ ဆောင်ရွက်မည်ဟု SAC ကပါ ထပ်မံအသိပေး

၅. ၆. ၂၀၂၄
Written by Nyein Kyaw

ဘဏ်များမှ ငွေကြေးများ ပြန်လည်ထုတ်ယူရန် Exile မီဒီယာများနှင့် အဖျက်သမားများက သွေးထိုးလှုံ့ဆော်မှုများအပေါ်  ပြည်သူများအနေဖြင့် စိုးရိမ်စရာမလိုဘဲ ဘဏ်များအပေါ် ယုံကြည်စိတ်ချစွာဖြင့် ဘဏ်ဝန်ဆောင်မှုများ ပုံမှန်ရယူသုံးစွဲနိုင်ကြောင်း ဗဟိုဘဏ်က အသိပေး ထုတ်ပြန်ထားသည်။

ယခုအခါ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မလိုလားသော အဖျက်သမားမီဒီယာများနှင့် အဖျက်သမားအုပ်စုသည် Facebook Page များဖြစ်သော Yan Pain Soe၊ Dean Kyne အပါအဝင် လူမှုကွန်ရက်စာမျက်နှာများတွင် မကြာခဏမဟုတ်မမှန်သတင်းများ ထုတ်လွှင့်ပြီး နိုင်ငံ့စီးပွားရေးနှင့် ငွေကြေးတည်ငြိမ်မှုပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် သွေးထိုးလှုံ့ဆော်မှုများ ဆောင်ရွက်လျက်ရှိနေကြောင်း တွေ့ရှိရသည်။

ထိုသို့ အဖျက်သမားများက အစိုးရနှင့် အများပြည်သူအကျိုးစီးပွား ထိခိုက်စေရန် ရည်ရွယ်၍ မကြာခဏ ရေးသားဖြန့်ဝေနေသော လူမှုကွန်ရက်စာမျက်နှာများကို လက်ခံယုံကြည်ခြင်းမရှိရန်နှင့် စိုးရိမ်ပူပန်စရာ မလိုကြောင်း၊ ပြည်သူများက ဝိုင်းဝန်းတိုက်ဖျက်ရန်ဖြစ်ကြောင်း အသိ‌ပေး ထုတ်ပြန်ထားသည်။ သို့ပါ၍ ပြည်သူများအနေဖြင့် အဖျက်သမားများ၏ လှုံ့ဆော်ရေးသားမှုများကို စိုးရိမ်စရာမလိုဘဲ ဘဏ်များအပေါ် ယုံကြည်စိတ်ချစွာဖြင့် ဘဏ်ဝန်ဆောင်မှုများ ပုံမှန်ရယူသုံးစွဲနိုင်ပါကြောင်း အသိပေးကြေညာထားသည်။

ထို့ပြင် ဘဏ်များမတည်မငြိမ်ဖြစ်အောင် သတင်းများ ထုတ်ပြန်နေမှုနှင့် ပတ်သတ်ပြီး မီဒီယာများ၏ မေးမြန်းမှုအပေါ် SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှလည်း “ဘဏ်များနှင့် ပတ်သက်သည့် ကောလာဟလများကို လူမှုကွန်ရက်တွင် အချိန်ကိုက် ဖြန့်ဝေခြင်းသည် ပြည်သူများ စိတ်ပူပင်သောကရောက်ကာ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုမရှိအောင် ပြုလုပ်သည့် ဆောင်ရွက်ချက်သက်သက်သာ ဖြစ်ပါသည်။ နိုင်ငံတော်အစိုးအရအနေဖြင့် ပြည်သူပိုင်ငွေများနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီသာ ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်လည်း ဆောင်ရွက်ရမည့် ကိစ္စမှန်သမျှကို အလေးထား ဆောင်ရွက်လျက်ရှိသောကြောင့် ပြည်သူများအနေဖြင့် လူမှုကွန်ရက်ပေါ်မှ ကောလာဟလများကို မယုံကြည်ကြရန် ပြောကြားလိုပါသည်”ဟု ပြန်လည်ဖြေကြားထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များအား ဘဏ်လုပ်ငန်းလိုင်စင်ထုတ်ပေးထားပြီး ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိမရှိ စောင့်ကြည့် ကြပ်မတ်ကွပ်ကဲလျက်ရှိသည်။ ဘဏ်များကလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်ချက်နှင့်အညီ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများဖြစ်သော စုဆောင်းအပ်နှံငွေ အမျိုးမျိုးလက်ခံပြီး နိုင်ငံတော်၏ စီးပွားရေးအတွက် အရေးကြီးကဏ္ဍများကို ချေးငွေအမျိုးမျိုး ထုတ်ချေးခြင်း၊ ဒီဂျစ်တယ်နည်းလမ်းများဖြင့် ငွေကြေးဝန်ဆောင်မှုများ ဆောင်ရွက်ခြင်း၊ ကုန်သွယ်ရေးကဏ္ဍအတွက် ငွေကြေးထောက်ပံ့ခြင်း၊ MSMES လုပ်ငန်းများကို ငွေကြေးထောက်ပံ့ခြင်း၊ နိုင်ငံတကာဘဏ်များနှင့် ငွေပေးချေမှုများ ဆောင်ရွက်ခြင်းစသည့် ဘဏ်ဝန်ဆောင်မှုများစွာ ပံ့ပိုးပေးလျက်ရှိကြောင်း ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *