October 23, 2024

၄. ၆. ၂၀၂၄
Written by Nyein Kyaw

ဗဟိုဘဏ်အနေဖြင့် တရားမဝင် ဒီဂျစ်တယ်ငွေကြေး ရောင်းဝယ်ခြင်း၊ နိုင်ငံခြားငွေကြေးကစားခြင်းနှင့် ဟွန်ဒီလုပ်ငန်းများ ဆောင်ရွက်ရန် သတိပေးပြီး ၁၁ ရက်အတွင်း ယင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သူ လူပုဂ္ဂိုလ် ၃၉ ဦးအား ဘဏ်ငွေစာရင်း၊ Pay Account များ ယာယီဆိုင်းငံ့ထားပြီး ဥပဒေအရ အရေးယူမှုများ ဆက်လက်ဆောင်ရွက်နေကြောင်း ဗဟိုဘဏ်က ယနေ့တွင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် တရားမဝင် ဒီဂျစ်တယ်ငွေကြေးများ ရောင်းဝယ်လဲလှယ်ခြင်းနှင့် နိုင်ငံခြားငွေကြေး ကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်နေသူများကို တရားဝင်လိုင်စင်မရှိဘဲ ဆောင်ရွက်နေသည့်အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၊ မေလ ၂၄ ရက်တွင် အသိပေးကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီးနောက်တွင် အဆိုပါတားမြစ်ချက်ကို လိုက်နာခြင်းမရှိသူများအား ငွေစာရင်းများ ပိတ်သိမ်းခြင်း၊ တရားစွဲဆိုအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ အသိပေးကြေညာချက် ထုတ်ပြန်ခဲ့သည့် မေလ ၂၄ ရက်မှ ယနေ့အထိ နိုင်ငံခြားငွေကြေးကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လူပုဂ္ဂိုလ် ၃၉ ဦးတို့အား စိစစ်ဖော်ထုတ်ပြီး ဘဏ်များနှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းများတွင် ဖွင့်လှစ်ထားရှိသည့် ၎င်းတို့၏ ဘဏ်ငွေစာရင်းများနှင့် Pay Account များအား ယာယီဆိုင်းငံ့ခြင်းများ ဆောင်ရွက်ထားပြီးဖြစ်သည်။ ဆက်လက်၍လည်း ၎င်းတို့အား တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများက စုံစမ်းဖော်ထုတ်အရေးယူလျက်ရှိသည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် မလိုလားအပ်သည့် ဆုံးရှုံးနစ်နာမှုများ မဖြစ်ပေါ်စေရေးအတွက် တရားမဝင် ဒီဂျစ်တယ်ငွေကြေးများ အရောင်းအဝယ်ပြုလုပ်ခြင်းနှင့် ဟွန်ဒီဖြင့် တရားမဝင် ငွေလွှဲလုပ်ငန်း ဆောင်ရွက်ခြင်းများ မပြုလုပ်ကြရန် ထပ်မံအသိပေး ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *