October 23, 2024

၄. ၆. ၂၀၂၄
Written by Ye Kyaw

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ရန်ကုန်မြို့ရှိ သုဝဏ္ဏဘောလုံးကွင်းမှာ ယှဉ်ပြိုင်ကစားမယ့် မြန်မာနဲ့ ဂျပန်တို့ရဲ့ ပွဲစဉ်လက်မှတ်တွေကို သုဝဏ္ဏဘောလုံးကွင်း Gate-2 မှာ ဒီနေ့ စတင်ရောင်းချပေးခဲ့ပြီး ဂျပန်အသင်းနဲ့ လိုက်ပါလာတဲ့ အာဆင်နယ်၊ လီဗာပူး ကစားသမားတွေကို ကြည့်ရှုလိုတဲ့ မြန်မာပရိသတ်တွေ လက်မှတ်လာရောက်ဝယ်ယူမှု များပြားခဲ့ကြောင်း သိရပါတယ်။

အဆိုပါပွဲစဉ်အတွက် ရန်ကုန်မြို့ရှိ မြို့နယ်အသီးသီးမှ ပရိသတ်တွေ လက်မှတ်လာရောက်ဝယ်ယူတာကို တွေ့ရှိခဲ့ရပြီး လက်မှတ်ဝယ်မယ်ဆိုရင်တော့ မှတ်ပုံတင်တစ်ခုကို လက်မှတ် ၂ စောင် ရောင်းချပေးခဲ့ကာ လက်မှတ်ဝယ်ပြီးသား မှတ်ပုံတင်တွေကတော့ ထပ်မံတန်းစီဝယ်ယူလို့ မရဘူးလို့ သိရပါတယ်။

“ညနေ ၃ နာရီဆို ပိတ်ရမှာ။ ဒါပေမဲ့ ဝယ်တဲ့သူတွေရှိနေလို့ အခုထိရောင်းပေးနေရတာ။ တချို့ကလည်း အခုမှသိလို့ အသည်းအသန်လာဝယ်တာနဲ့တူပါတယ်။ ညနေ ၃ ခွဲအထိတော့ ရောင်းပေးခဲ့တယ်။ ဒါတောင် လာဝယ်တဲ့သူတွေကို မနက်ဖြန် ၁၀ နာရီကနေ ညနေ ၃ နာရီကြားမှာ လာဝယ်လို့ ပြောထားရတယ်” လို့ လက်မှတ်ရောင်းချနေသူ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရောက် ဂျပန်ပရိတ်သတ်တွေအတွက် ဧည့်သည်အဖြစ် ပွဲကြည့်စင်မှာ သီးသန့်နေရာထားပေးမှာဖြစ်ပြီး လက်မှတ်ဝယ်မယ်ဆိုရင် Passport ပြသနိုင်မှသာ ရောင်းချပေးတာဖြစ်လို့ ဂျပန်သံရုံးမှ ဝန်ထမ်းတွေအတွက် လာရောက်ဝယ်ယူတဲ့သူတွေတောင် Passport မပြနိုင်လို့ ရောင်းချမပေးခဲ့တာကိုလည်း MT News သတင်းဌာနက တွေ့ရှိခဲ့ပါတယ်။

“ဂျပန်ပရိတ်သတ်တွေဆို Passport ပြမှရမယ်။ သူတို့ကိုက ဧည့်သည်အဖြစ် သီးသန့်နေရာ စီစဉ်ပေးထားလို့။ ပရိတ်သတ်တွေ ရောထားရင် စိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ ဒီလိုစီစဉ်တာ” လို့ ၎င်းက ရှင်းပြခဲ့ပါတယ်။

လက်မှတ်ဈေးနှုန်းတွေက ရိုးရိုးတန်းအတွက် ကျပ် ၂၀၀၀ နဲ့ အထူးတန်းအတွက် ကျပ် ၅၀၀၀ သတ်မှတ်ထားတာမို့လည်း ကမ္ဘာကျော် ပရီးမီးယားလိဂ်ရဲ့ နာမည်အကြီးဆုံးတွေဖြစ်တဲ့ အာဆင်နယ်နောက်ခံလူ တိုမီယာစုနဲ့ လီဗာပူးကွင်းလယ်လူ အန်ဒိုတို့အပြင် ဂျပန်မက်ဆီလို့ နာမည်ကျော်တဲ့ ရီးရဲမက်ဒရစ် ကစားသမားဟောင်းနဲ့ လက်ရှိရီးရဲဆိုစီဒက်က ကူဘို၊ လီဗာပူးကစားသမားဖြစ်ခဲ့တဲ့ မိုနာကိုက မီနာမီနိုစတဲ့ ကမ္ဘာကျော်ကစားသမားတွေကိုပါ တစ်ဒေါ်လာသုံးရင် နှစ်ယောက်ကြည့်လို့ရတဲ့ ကျပ် ၂၀၀၀ တည်းနဲ့ကြည့်ရမှာမို့ လက်မှတ်ဝယ်ယူမှု များခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းနဲ့ ဂျပန်အသင်းတို့ဟာ ဇွန်လ ၆ ရက်နေ့ ညနေ ၆ နာရီ မိနစ် ၄၀ မှာ သုဝဏ္ဏအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး အဆိုပါ ပြိုင်ပွဲအတွက် ကမ္ဘာကျော် ပရီးမီးယားလိဂ်ကလပ်အသင်းတွေက ကစားသမားတွေနဲ့ တခြားထိပ်တန်းလိဂ်တွေရဲ့ ကမ္ဘာကျော်ကစားသမားတွေ လိုက်ပါလာတဲ့ ဂျပန်အသင်းဟာ ဒီနေ့မနက်မှာတော့ မြန်မာ့မြေကို ရောက်ရှိနေပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *