October 23, 2024

၄.၆.၂၀၂၄
Written by KL

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ လွယ်စတုံ (အောက်) ကျေးရွာအနီးတွင် အဖြူရောင်မော်တော်ယာဥ်တစ်စီးပေါ်မှ ဇွန်လ ၃ရက် နံနက် ၈ နာရီခန့်က မြန်မာကျပ်ငွေ သိန်း ၃၈၀၀၀ ကျော်ဖိုးရှိသော စိတ်ကြွဆေးပြား ၉၆ သိန်းကို ဖမ်းမိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးသတင်းရရှိသဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တာချီလိတ်​မြို့နယ် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များက လွယ်စီတုံ (အပေါ်) ကျေးရွာအဝင်၊ ပြည်သူ့စစ်ဂိတ်တွင် ပိတ်ဆို့စစ်ဆေး ရှာဖွေခဲ့ရာ အမျိုးသားတစ်ဦး​ မောင်းနှင်လာသော Toyota Fortuner အမျိုးအစား အဖြူရောင်မော်တော်ယာဉ်ကို ရပ်တန့်ခိုင်းချိန် မောင်းနှင်ထွက်ပြေးခဲ့ကြောင်း သိရသည်။

“မောင်းပြေးတဲ့ကားက နောက်ဘီးပေါက်ပြီး လွယ်စီတုံကျေးရွာနားမှာ ကားရပ်ခဲ့တာ။ ယာဥ်မောင်းက ထွက်ပြေးသွားတယ်။ ကားပေါ်မှာ စိတ်ကြွဆေးပြား ၉၆ သိန်းကို မိတာ၊ သယ်လာတဲ့သူကို ဖမ်းမိဖို့ စုံစမ်းနေပါတယ်”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

Toyota Fortuner အမျိုးအစား အဖြူရောင်မော်တော်ယာဉ်ကို ပူးပေါင်းအဖွဲ့က ရှာဖွေရာ ယာဉ်နောက်ခန်းထဲမှ ဆာလာ အိတ် ၁ အိတ်လျှင် WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြားရေ ၂ သိန်းပါသော ဆာလာအိတ် ၄၈ အိတ်၊ စုစုပေါင်း စိတ်ကြွဆေးပြား ၉၆ သိန်းခန့် ၊ မြန်မာကျပ်ငွေ သိန်း ၃၈၄၀၀ ခန့်ကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

စိတ်ကြွဆေးပြားများ သယ်ဆောင်လာသည့် ထွက်ပြေးတိမ်းရှောင်နေသော ယာဥ်မောင်းအမျိုးသားကို ဆက်လက်ရှာဖွေနေပြီး အမှုဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *