October 23, 2024

၄.၆.၂၀၂၄
Written by Hey Mar

မဲခေါင်မြစ်ကို ဖြတ်ကျော်ပြီး လာအိုနိုင်ငံကို တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်မယ့် မြန်မာနိုင်ငံသား ၁၁ ဦး တင်ဆောင်လာတဲ့လှေတစ်စီး၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ဝမ်ပုံဒေသ ဘုရာလေးဆိပ်ကမ်းကနေ ထွက်ခွာစဉ် မြစ်အတွင်းတိမ်းမှောက်ပြီး အမျိုးသားသုံးဦးပျောက်ဆုံးနေတဲ့ဖြစ်စဉ် မနေ့က ဇွန်လ ၃ ရက် ည ၈ နာရီ ၁၅ မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ သက်ဆိုင်ရာအဖွဲ့အစည်းနဲ့ နီးစပ်သူတချို့ထံကနေ သိရပါတယ်။

အဆိုပါဖြစ်စဉ်မှာ အလုပ်သမား ကျား(၈)ဦး ၊ မ(၃)ဦး၊ ပေါင်း(၁၁)ဦးတို့က စက်တပ်သံခွံလှေငယ်နဲ့ ဖြတ်ကူးဖို့ပြုလုပ်စဉ်မှာ ကမ်းစပ်နဲ့ မနီးမဝေးမှာ တိမ်းမှောက်သွားခဲ့တဲ့အတွက် ဖြစ်စဉ်ကို သတင်းရရှိတဲ့ သက်ဆိုင်ရာ ရေကြောင်းတပ်ဖွဲ့အပါအဝင် တာဝန်ရှိသူတွေက မြစ်ကမ်းတစ်လျှောက် ကုန်းလမ်းကြောင်းကပါ လိုက်လံစုံစမ်း ရှာဖွေခဲ့ရာ ကျား ၆ ဦးနဲ့ မ ၂ ဦးကို ဘုရားလေး ရေဆိပ်ကမ်းစပ်အနီးမှာတွေ့ရှိခဲ့ပြီး ကမ်းပေါ်ကိုကူညီကယ်ဆယ်ခဲ့ပေမဲ့ အမည်မသိ အမျိုးသမီးတစ်ဦးက မြစ်ဆိပ်အရောက် ကုန်းပေါ်တက် ထွက်ပြေးသွားခဲ့ကြောင်းနဲ့ ကျန်ကယ်ဆယ်ရရှိသူတွေကို စစ်ဆေးမေးမြန်းရာမှာ ၎င်းတို့က မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်နဲ့ ဝမ်းတွင်းမြို့နယ်တွေက ကျေးရွာတွေကနေ နယ်စပ်ကိုရောက်ရှိကာ တစ်ဖက် လာအိုနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်ဖို့ သွားရောက်စဉ် စက်လှေတိမ်းမှောက်တာလို့ သိရှိရကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းနဲ့ နီးစပ်သူထံကနေ သိရပါတယ်။

လက်ရှိအချိန်အထိ စက်လှေမောင်းသူ ထွန်းထွန်းနိုင်အပါအဝင် ကျား(၃)ဦးမှာ ရေစီးနဲ့ မျောပါပျောက်ဆုံးလျက်ရှိနေပြီး ကူညီကယ်ဆယ်ရရှိခဲ့တဲ့ ကျား(၆)ဦး၊ မ(၂)ဦး၊ ပေါင်း(၈) ဦးကို နမစ(ဝမ်ပုံ)မှာ စစ်ဆေးမေးမြန်းလျှက်ရှိကြောင်း၊ ထို့နောက် ပျောက်ဆုံးနေသူ စက်လှေမောင်းသူအပါအဝင် ကျား(၃)ဦးနဲ့ ကုန်းပေါ်ကို ထွက်ပြေးသွားသူ မ(၁)ဦး တို့ကိုလည်း ဆက်လက်စုံစမ်း ရှာဖွေလျက်ရှိကာ အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

ပုံစာ။ မဲခေါင်မြစ်ကမ်းတစ်နေရာ (Photo – Crd)

Leave a Reply

Your email address will not be published. Required fields are marked *