October 23, 2024

၄.၆.၂၀၂၄
Translated by Htwe Ko Tun

ပြင်သစ်ရဲတပ်ဖွဲ့ဝင်များက ပြင်သစ်နိုင်ငံအလံနှင့် ရစ်ပတ်ထားကာ ယူကရိန်းမှ ပြင်သစ်စစ်သားများဟု အခေါင်းပေါ်တွင်ရေးသားထားသည့် အခေါင်းလွတ်ငါးခုကို ပါရီမြို့ရှိ အီဖယ်လ်မျှော်စင်ကြီးအနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်းတာဝန်ရှိသူများက ဇွန်လ ၂ ရက်တွင် ပြောခဲ့ကြသည်။

ဖြစ်ရပ်က ဇွန်လ ၁ ရက်ကဖြစ်ပွားခဲ့ခြင်းဟုသိရကာ ထိုနေ့က ဒေသစံတော်ချိန် နံနက် ၉ နာရီ(ဂရင်း နစ်စံတော်ချိန် နံနက် ၇ နာရီ) တွင် လူသုံးဦးက ပါရီမြို့၊ အီဖယ်လ်မျှော်စင်အနီးမှ ကမ္ဘာလှည့်ခရီးသွားများ အများဆုံးလာရောက်ရာ Quai Branly အနုပညာပြတိုက်ရှိရာလမ်းပေါ်တွင် ထိုအခေါင်းများကို စွန့်ပစ်ထားခဲ့ခြင်းဟုဆိုသည်။ အခေါင်းများထဲတွင် ဂေါ်ဒန်ကျောက်များပါရှိသည်ဟုလည်း သတင်းများက ဆိုသည်။

အခေါင်းများကိုသယ်ယူချထားခဲ့သူသုံးဦးအား အနီးတွင်ပင်ဖမ်းဆီးမိခဲ့ပြီး ၎င်းတို့က ဘူလ်ဂေးရီးယား၊ ဂျာမနီနှင့်ယူကရိန်းတို့မှဖြစ်ကြောင်းသိရကာ အစိုးရရှေ့နေများက ၎င်းတို့အား ကြိုတင်ကြံရွယ်ထားသော အကြမ်းဖက်မှုဖြင့် တရားစွဲရန် တောင်းဆိုထားကြသည်။ ရှေ့နေများက ဤကဲ့သို့အခေါင်းများကို အီဖယ်လ်မျှော်စင်အနီးလာရောက်ချထားခြင်းက စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတစ်ရပ်လည်းဖြစ် ကြောင်း ပြောခဲ့ကြသည်။

မဟာမိတ်များအတွင်း စိုးရိမ်မှုများနှင့် ရုရှားအစိုးရကလည်း ဝေဖန်ပြောကြားလျက်ရှိသော်လည်း ပြင်သစ်က ယူကရိန်းသို့ စစ်ဖက်ဆိုင်ရာလေ့ကျင့်ပေးသူများကို မကြာမီက စေလွှတ်ပေးခဲ့သည်ဟုလည်းသိရသည်။ ပြင်သစ်နေ့စဉ်သတင်းစာ Le Monde က အဆိုပါလူသုံးဦးမှာ မေလအတွင်းက ပါရီမြို့ရှိ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအမှတ်တရ Shaoh Memorial ပြတိုက်တွင် လူတစ်ဦးက အနီရောင်လက်ပုံများကို ဆေးဖျန်းဘူးနှင့်ဖျန်းခဲ့ခြင်းနှင့်လည်း ဆက်စပ်နေလိမ့်မည်ဟုဖော်ပြခဲ့သည်။

ပြင်သစ်အစိုးရက ထိုကိစ္စများမှာ ရုရှားအစိုးရနှင့် ဆက်စပ်နေမှုရှိနိုင်သည်ဟု သံသယဖြစ်ကြသော်လည်း ရုရှားအစိုးရကမူ ၎င်းနှင့်လုံးဝမပတ်သက်ကြောင်း ငြင်းဆိုခဲ့သည်။

Ref-sky.com

Leave a Reply

Your email address will not be published. Required fields are marked *