၄. ၆. ၂၀၂၄
Written by Nay Moe
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှာ တာဝန်ကျနေတဲ့ အမျိုးသမီးရဲအုပ် ကေသီခိုင်ကို ပြွန်တန်ဆာ PDF အဖွဲ့ဖြစ်တဲ့ 9 Stars UG Bago အဖွဲ့က ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်လိုက်တယ်လို့ သိရပါတယ်။
ဒီသတ်ဖြတ်မှုကို ဇွန်လ ၃ ရက် မနက် ၈ နာရီ ၅၀ မိနစ်အချိန်မှာ ရဲအုပ်ကေသီခိုင်ကို သူမနေထိုင်ရာ သမကျေးရွာကနေ ထွက်အလာမှာ ပြွန်တန်ဆာမြို့အနောက်ဘက် သမကျေးရွာ ရွာချင်းဆက်လမ်း အေးရွာအနီး မြေနီလမ်းပေါ်မှာ 9 Stars UG Bago အဖွဲ့က PDF တွေက ဆိုင်ကယ်နဲ့ နောက်ကနေချောင်းပစ်လို့ နောက်ကျောကို ကျည်နှစ်ချက်နဲ့ ဦးခေါင်းကို ကျည်တစ်ချက်ထိပြီး နေရာတင် ပွဲချင်းပြီးသေဆုံးသွားတာပါ။
“9 mm ကျည် ၃ တောင့်နဲ့ ပစ်ခတ်ရာမှာ နောက်ကျော နှစ်ချက်၊ ခေါင်းတစ်ချက် ထိမှန် သေဆုံးပါတယ်”လို့လည်း ကျုးလွန်တဲ့ 9 Stars UG Bago တာဝန်ရှိသူက ခေတ်သစ်သတင်းဌာနကို ဖြေဆိုပြီး နောက်ကနေ ချောင်းမြောင်းပစ်ခတ်မှုကို ဝန်ခံပြောဆိုထားပါတယ်။
ရဲအုပ်ကေသီခိုင်ရဲ့ အမျိုးသားကလည်း ဒိုက်ဦးမြို့ရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ရဲအုပ်ကေသီခိုင်ဟာ ပြွန်တန်ဆာမြို့က ဂျို့ပင်ကျေးရွာနဲ့ သမကျေးရွာက မြေဧက ၅၀၀ ကျော်ကို အထက်လူကြီးတွေနဲ့ပေါင်းပြီး မတရားသိမ်းဆည်းလို့ သတ်တာလို့ 9 Stars UG Bago က အကြောင်းပြချက်ပေးထားပေမဲ့ ဒီဖြစ်ရပ်က မမှန်ဘူးလို့ ညောင်လေးပင်မြို့ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ နီးသပ်သူတွေက ငြင်းဆိုသလို ရဲအုပ်ကေသီိခုင်ဟာ ကိုယ်ဝန်လေးလကျော် လွယ်ပိုးထားသူဖြစ်လို့ PDF တွေက အသက် ၂ ချောင်းကို တစ်ပြိုင်နက်သတ်လိုက်တာလို့လည်း ပြောပါတယ်။
“RIP ပါ အမရယ်။ တစ်သက်မဟုတ်တဲ့ နှစ်သက်အတွက် မိသားစုနဲ့အတူ အထူးပင်ဝမ်းနည်းကြေကွဲရပါတယ်။ မဟုတ်တမ်းတရား ရေးတင်တဲ့သူတွေနဲ့ ရက်ရက်စက်စက်လုပ်ရက်တဲ့သူတွေလည်း ဝဋ်မလည်ပါစေနဲ့လို့ မေတ္တာပို့ပါတယ်”လို့ ရဲအုပ်ကေသီခိုင်ရဲ့ လုပ်ဖော်ကိုင်ဘက်တစ်ဦးက လူမှုကွန်ရက်မှာ မျှဝေရေးသားထားပါတယ်။