October 31, 2024

ပြင်ဦးလွင်သို့ပြေးဆွဲသည့် ရထားခရီးစဥ်တွင်လိုက်ပါစီးနင်းသူများ တွေ့ရစဥ်(Photo -MOI)

၂၁. ၁၂. ၂၀၂၂
Written by Ye Kyaw

ပြင်ဦးလွင်-ဂုတ်ထိပ်-ပြင်ဦးလွင် (အသွား/အပြန်) ရထားခရီးစဥ်အား ခရီးစဥ်အစအဆုံး တစ်ဦးလျှင် ၃၅၀၀ ကျပ်ဖြင့် ဒီဇင်ဘာ ၂၂ ရက်မှ စတင်၍ နေ့စဥ်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ရှမ်းပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ဒေသန္တရဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ပြင်ဦးလွင်-ဂုတ်ထိပ်-ပြင်ဦးလွင် (အသွား/အပြန်) ခရီးစဥ်အား ဒီဇင်ဘာ ၂၂ ရက် (ကရင်နှစ်သစ်ကူးရုံးပိတ်ရက်)မှ စတင်၍ နေ့စဥ်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“ရထားပြေးဆွဲဖို့ရှိတာသိတယ်။ ရထားပြေးမယ့်ရက်ကို သတင်းစာမှာ ဖော်ပြထားတာဆိုရင် ပြန်ကြားရေးက ထုတ်ပြန်တာ” ဟု မြန်မာ့မီးရထား (နေပြည်တော်)မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

ယင်းကဲ့သို့ ပြေးဆွဲရာတွင် RBE ရထားသည် ပြင်ဦးလွင်ဘူတာမှ နံနက် ၈ နာရီခွဲတွင် ထွက်ခွာ၍ ဂုတ်ထိပ်ဘူတာသို့ မွန်းလွဲ ၁ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။ ဂုတ်ထိပ်ဘူတာမှ မွန်းလွဲ ၂ နာရီတွင် ပြန်လည်ထွက်ခွာပြီး ပြင်ဦးလွင်ဘူတာသို့ ညနေ ၅ နာရီတွင် ပြန်လည်ရောက်ရှိမည်ဖြစ်သည်။

ခရီးစဥ်တွင် ခရီးသည် ၄၀ အထိ လိုက်ပါစီးနင်းနိုင်မည်ဖြစ်ပြီး ပွဲကောက်၊ ဝက်ဝံ၊ ဆမ်ဆယ်၊ နောင်ချိုဘူတာများတွင် ရပ်တန့်ပေးမည်ဖြစ်ကာ လက်မှတ်ခနှုန်းထားအနေဖြင့် ခရီးသည်တစ်ဦးလျှင် ခရီးစဥ်အစ/အဆုံး ၃၅၀၀ ကျပ်နှုန်းဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်သည်။

မြန်မာ့မီးရထားအနေဖြင့် မန္တလေး-လာရှိးလမ်းပိုင်းရှိ ပြင်ဦးလွင်-ဂုတ်ထိပ် အပိုင်းတွင် ပြည်တွင်းမှ ခရီးသွားလာမည့် ပြည်သူများ၊ နိုင်ငံခြားသား ခရီးသွားလာသူများအား သမိုင်းဝင်ဂုတ်ထိပ်တံတားကြီးအား လေ့လာကြည့်ရှုနိုင်ရန်၊ သဘာဝရှုခင်းများ လေ့လာကြည့်ရှုနိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ စီစဥ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *