၂၁ .၁၂. ၂၀၂၂
Written by Hey Mar
ယခုရက်ပိုင်းအတွင်း အအေးဒဏ်ကြောင့် တောင်ပေါ်ဒေသများတွင် လူသေဆုံးမှုများရှိနေသလို မြန်မာပြည်မြောက်ဘက်ပိုင်းမှ ဝင်ရောက်လာသည့် လေအေးစီးကြောင်းများကြောင့် စစ်ကိုင်းတိုင်းဒေသကြီး မန္တလေးတိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ပုံမှန်ထက် အအေးလှိုင်းသက်ရောက်မှု ပိုနေနိုင်သဖြင့် သက်ကြီးရွယ်အိုများ ကျန်းမာရေးမကောင်းသူများနှင့် ကလေးသူငယ်များ၏ ကျန်းမာရေးကို အထူးဂရုပြုသင့်သည့် အချိန်အခါဖြစ်ကြောင်း သိရသည်။
ယခုနှစ် ရာသီဥတုအခြေအနေမှာ လာနီညာဖြစ်စဥ် ဖြစ်ပေါ်နေပြီး စိုစွတ်မှုနှင့် အအေးဓာတ်များသော ရာသီဥတုဖြစ်စဥ်များ ဖြစ်ပေါ်နေမှုအပေါ် မိုးလေဝသနှင့် ဇလဗေဒစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က “လာနီညာဖြစ်စဥ်က မိုးလည်း မိုးအလျောက်၊ နွေလည်း နွေအလျောက်၊ ဆောင်းလည်း ဆောင်းအလျောက် ပိုမိုအားပြင်းတဲ့ ရာသီဥတုကို ဖြစ်ပေါ်စေအောင်အားပေးတတ်တယ်။ အဲဒါကြောင့် ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလတွေမှာ အအေးဓာတ်ပိုပြီး အအေးလှိုင်းဖြတ်နိုင်လို့ သတိထားရမယ်။ အခု ကျွန်တော်လေ့လာနေတဲ့ မိုးလေဝသ ရပ်ဝန်းကနေ ဖော်ပြနေတာဆိုရင် အရှေ့မြောက်ဘက် တိဘက်လွင်ပြင်မှာ လေဖိအားများတဲ့ ဧရိယာကြီးဖြစ်ပေါ်နေတယ်။ လေအေးတွေက တဖြည်းဖြည်းနဲ့ မြန်မာပြည်မြောက်ပိုင်းကနေ စတင်ဝင်ရောက်နေပြီး ခါကာဘိုရာဇီ တောင်ထွတ်ရှိတဲ့နေရာမှာဆိုရင် အနုတ် ၁၀ ဒီဂရီမှာ ဖြစ်နေပြီ။ အအေးဓာတ်က တဖြည်းဖြည်းနဲ့ အောက်ဘက်ပိုင်းကို ဆင်းလာမှာမို့ မြန်မာပြည်လုံး အေးတဲ့ရာသီဥတုဖြစ်စဥ်ကို ခံစားရနိုင်ပြီး အထက်မြန်မာပြည်လိုခေါ်တဲ့ မြောက်ပိုင်းဒေသကတော့ သက်ကြီးရွယ်အို၊ ကျန်းမာရေးမကောင်းသူနဲ့ ကလေးသူငယ်တွေရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ဆင်ခြင်နေထိုင်ရမယ်”ဟု ပြောသည်။
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ် တာချီလိတ်မြို့တို့ရှိ လူမှုကူညီရေးအသင်းများမှလည်း အအေးဒဏ်နှင့် ပတ်သတ်၍ လူသေဆုံးမှုများရှိလာသဖြင့် အသိပညာပေးမှုများနှင့် အိမ်ခြေရာမဲ့များအား အအေးဒဏ်ခံနိုင်စေရန် ကူညီစောင့်ရှောက်ပေးမှုများ ဆောင်ရွက်နေရသည်။
ပြင်ဦးလွင် သန္တိသုခ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက “ပြင်ဦးလွင်မှာ ဒီရက်ပိုင်းအတွင်း အအေးပတ်ပြီး သေဆုံးလို့ အလောင်းကောက်ရတာတွေ ရှိလာတယ်။ အထူးသဖြင့် အိမ်ခြေမဲ့တွေ ပျံကျနေသူတွေနဲ့ အသက်ကြီးတဲ့သူတွေ သေဆုံးကြတာပါ။ ကျွန်တော်တိုအဖွဲ့က ရှေ့တစ်ပတ်တုန်းကဆို ၃ လောင်း ကူညီသယ်ဆောင်ပေးခဲ့ရတယ်။ အခြားအဖွဲ့က သယ်ပေးတာတွေလဲရှိတော့ ကျွန်တော်ထင်တယ် ၄၊ ၅ ဦး မကတော့ဘူး”ဟု ဆိုသည်။
လက်ရှိတွင် သန္တိသုခလူမှုကူညီရေးအသင်းမှ အိမ်ခြေမဲ့များအား အစားအစာ၊ အနွေးထည်အထူနှင့် စောင်များ လက်လှမ်းမီသရွေ့ ကူညီဆောင်ရွက်နေကြောင်း သိရသည်။
“မနက်အစောပိုင်းတွေ အတော်အေးပါတယ်။ အသက် ၆၀ အထက် လူကြီးပိုင်းနဲ့ ရောဂါရှိတဲ့သူတွေ နောက်ပြီး အရက်သေစာသောက်စားသူတွေ ရာသီဥတုဒဏ်ကြောင့် သေဆုံးမှုတွေရှိလာပါတယ်။ အအေးမိပြီး သေကြတာတွေပေါ့။ ဒီရက်ပိုင်းကတော့ သိသိသာသာ အေးလာပါတယ်” ဟု တာချီလိတ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက MT News သို့ ပြောသည်။
လာနီညာဖြစ်စဥ်သည် ၂၀၂၁ ခုနှစ် သြဂုတ်လမှစတင်ဖြစ်ပေါ်လာပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ရှိနိုင်ကြောင်းကာ ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် ယမန်နှစ်ကထက် အအေးပိုနိုင်ပြီး အအေးလှိုင်းဖြတ်မည့် အခြေအနေများကြုံတွေ့ရနိုင်ကြောင်း သိရသည်။