October 23, 2024

၄.၆. ၂၀၂၄
Written by Thettant

ကမ္ဘာကျော်ပရီးမီးယားလိဂ်ကလပ်အသင်းတွေက ကစားသမားတွေနဲ့ တခြားထိပ်တန်းလိဂ်တွေရဲ့ ကမ္ဘာကျော်ကစားသမားတွေ လိုက်ပါလာတဲ့ ဂျပန်အသင်းဟာ ဒီနေ့မနက်မှာတော့ မြန်မာ့မြေကို ရောက်ရှိလာကြပါပြီ။

ဇွန်လ ၆ ရက် ညနေ ၆ နာရီ မိနစ် ၄၀ မှာ မြန်မာ့လက်ရွေးစင်အသင်းနဲ့ ဂျပန်လက်ရွေးစင်အသင်းတို့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲကို သုဝဏ္ဏအသင်းမှာ ယှဥ်ပြိုင်ကစားကြမှာဖြစ်ပြီး အဲဒီခြေစစ်ပွဲအတွက် ဂျပန်အသင်းဟာ လူ ၂၆ ဦးရွေးချယ်ထားရာမှာ ၅ ဦးပဲ J League က ကစားသမားပါဝင်ပြီး ကျန်တဲ့ ၂၁ ဦးကတော့ မြန်မာပရိသတ်မစိမ်းတဲ့ ဥရောပလိဂ်တွေမှာ ကန်နေကြသူတွေဖြစ်သလို အဲဒီအထဲမှာမှ ကမ္ဘာကျော်ဂျပန်လက်ရွေးစင်တွေပါလာခဲ့တာပါ။

ဂျပန်အခြေစိုက် J League က ငါးဦးထဲမှာလည်း ဂိုးသမားက ၃ ဦးအထိပါနေတာဖြစ်ပြီး ကျန်တဲ့နှစ်ဦးမှာ တစ်ဦးက နောက်တန်းကစားသမား နာကာတိုမိုနဲ့ တစ်ဦးကအလယ်တန်းကစားသမား ကာဝါမူယာပါ။ အခြား ၂၁ ဦးထဲမှာဆို ကမ္ဘာကျော်ပရီးမီးယားလိဂ်ရဲ့ နာမည်အကြီးဆုံးအသင်းတွေထဲက နှစ်သင်းဖြစ်တဲ့ အာဆင်နယ်နောက်ခံလူ တိုမီယာစုနဲ့ လီဗာပူးကွင်းလယ်လူ အန်ဒို၊ ဂျပန်မက်ဆီလို့ နာမည်ကျော်တဲ့ ရီးရဲမက်ဒရစ်ကစားသမားဟောင်းနဲ့ လက်ရှိရီးရဲဆိုစီဒက်က ကူဘို၊ လီဗာပူးကစားသမားဖြစ်ခဲ့တဲ့ မိုနာကိုက မီနာမီနိုစတဲ့ ကမ္ဘာကျော်ကစားသမားတွေ ပါဝင်လာတာပါ။

ဒီပွဲကို မြန်မာပရိသတ်တွေဟာ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာစာလောက်ပေးရင် ပရီးမီးယားလိဂ်အပါအဝင် ကမ္ဘာ့ထိပ် တန်းလိဂ်တွေမှာ ယှဥ်ပြိုင်နေတဲ့ ကမ္ဘာ့အဆင့် ဂျပန်ကစားသမားတွေကို အနီးကပ်ပါမြင်ရမှာဖြစ်ပြီး အဲဒီအတွက်ဝင်ကြေးကတော့ ရိုးရိုးတန်း ကျပ်၂၀၀၀ နဲ့ အထူးတန်း ကျပ် ၅၀၀၀ ဖြစ်ပြီး လက်မှတ်တွေကို ဒီနေ့ ဇွန်လ ၄ ရက်မှာ စတင်ရောင်းချပေးနေပါပြီ။

တကယ်တော့ မြန်မာ့လက်ရွေးစင်အသင်းက ၂၀‌၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲမှာ ဂျပန်၊ ​မြောက်ကိုရီးယား၊ ဆီးရီးယားတို့နဲ့ တွေ့ဆုံခဲ့ရပြီး လေးပွဲကန်ပြီးချိန် ဂျပန်ကို ၅ ဂိုး ဂိုးမရှိရှုံးထားတာ၊ မြောက်ကိုရီးယားကို ၆ ဂိုး ၁ ဂိုးနဲ့ရှုံးထားပြီး ဆီးရီးယားကို ပထမအကျော့ ၁ ဂိုးစီသရေကျခဲ့ပေမဲ့ ဒုတိယအကျော့ ၇ ဂိုး ဂိုးမရှိရှုံးခဲ့လို့ ပေးဂိုး ၁၇ ဂိုး၊ ရဂိုး ၂ ဂိုးနဲ့ သိက္ခာဆယ်တစ်မှတ်သာ ရရှိထားတာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားအိပ်မက်က ဒုတိယအဆင့်နဲ့ အဆုံးသတ်ထားရတာပါ။

ဒီလိုမျိုး ကမ္ဘာ့အဆင့် ၁၆၀ လောက်က မြန်မာအသင်းနဲ့ ရင်ဆိုင်ဖို့အတွက် ကမ္ဘာ့အဆင့် ၁၈ မှာ လက်ရှိရပ်တည်နေတဲ့ ဂျပန်အသင်းရဲ့နည်းပြဖြစ်တဲ့ မိုရီယာစုက ဒီလိုအင်အားကောင်းတဲ့ လက်ရွေးစင်စုဖွဲ့မှုကို ဘာကြောင့်ခေါ်ခဲ့လဲဆိုရင် ကမ္ဘာ့ဖလားရဖို့ရည်မှန်းနေတဲ့ ဂျပန်အသင်းကို “ကေသရာဇာ ခြင်္သေ့မင်းဟာ သားကောင်လိုက်ဖို့အားထုတ်ရာမှာ ဘယ်လိုသားကောင်ဖြစ်စေ အားအင်စိုက်ထုတ်မှု အတူတူပဲ” ဆိုတာမျိုး ဘယ်လိုပြိုင်ဘက်ဖြစ်ဖြစ် တလေးတစားအကောင်းဆုံးယှဥ်ပြိုင်ဖို့ ရည်မှန်းထားတဲ့သဘောနဲ့ထိပ်တန်းလူစာရင်းကို သယ်ယူလာတာလို့ပဲ ထင်မြင်ယူဆချက်ပြောရတော့မှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ဂျပန်အသင်းဟာ မြန်မာ့လက်ရွေးစင်အသင်းကိုရင်ဆိုင်ဖို့ ဥရောပတစ်ခွင်မှာ ခြေစွမ်းပြနေတဲ့ ကစား သမား ၂၁ ဦးတောင် ခေါ်လာခဲ့မှာမို့လို့ မြန်မာပြည်က အာဆင်နယ်၊ လီဗာပူး၊ ရီးရဲမက်ဒရစ် ပရိသတ်တွေအဖို့တော့ သူတို့အားပေးတဲ့အသင်းရဲ့ ခြေစွမ်းပြကစားသမားတွေ၊ သူတို့အားပေးတဲ့အသင်းရဲ့ကစားသမားဟောင်းတွေကို မျက်ဝါးထင်ထင်မြင်ရ၊ ကစားပုံတွေကြည့်ရမဲ့အခွင့်အရေးကို ဇွန်လ ၆ ရက်မှာ မြန်မာငွေ ကျပ် ၂၀၀၀ နဲ့ ကြည့်နိုင်တော့မှာဖြစ်သလို မြန်မာ့လက်ရွေးစင်အသင်းက ကစားသမားတွေအဖို့လည်း ကမ္ဘာ့ထိပ်တန်းလိဂ်တွေက ကစားသမားတွေနဲ့ယှဥ်ပြိုင်ကန်ရင်း ဂိုးသွင်းနိုင်လည်း ဂုဏ်ယူစရာဖြစ်လာမှာဖြစ်သလို ဂိုးမသွင်းနိုင်လည်း ကမ္ဘာကျော်ကစားသမားတွေဆီက ပညာယူရမှာ အမြတ်ပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *