October 22, 2024

၄. ၆. ၂၀၂၄
Written by Nyein Kyaw

ရွှေစျေးကစားသူများကို ဖမ်းဆီးဝရမ်းထုတ်လိုက်၍ ရွှေနှင့်ဒေါ်လာ စျေးကျဆင်းနေချိန်တွင် ရန်ကုန်တိုင်းရွှေအသင်း (YGEA) က ရည်ညွှန်းရွှေစျေးကို ကျပ် ၇ သိန်းခွဲခန့် ဆွဲတင်ခုန်တက်ပြီး ယနေ့တွင် သတ်မှတ်ရည်ညွှန်းရွှေဈေးအား ကျပ် ၄,၈၇၁,၀၀၀ အထိ တိုးမြှင့်သတ်မှတ်ခဲ့သည်။

ရွှေဈေးနှင့် ဒေါ်လာဈေးနှုန်း မတည်မငြိမ်အောင် ဝိသမ လောဘသမားများက ဈေးကစားကာ ဈေးနှုန်းဆွဲမှုများကြောင့် ရွှေဈေးနှုန်း ကျပ် ၅၈ သိန်းကျော်နှင့် ဒေါ်လာဈေးနှုန်း တစ်ဒေါ်လာာ ကျပ် ၄၈၀၀ ခန့်အထိ ဖြစ်ပေါ်ခဲ့အချိန်အထိ YEGA ၏ သတ်မှတ်ရည်ညွှန်းဈေး ကျပ် ၃,၉၉၉,၀၀၀ ဝန်းကျင်သာ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ရွှေဈေးနှုန်းဆွဲတင်ကာ နိုင်ငံ့စီးပွားရေး မတည်ငြိမ်အောင်ဆောင်ရွက်ခဲ့သူ ၂၁ ဦးနှင့် နောက်ကွယ်မှစေခိုင်းသူ နာမည်ကြီးရွှေဆိုင်များဖြစ်သည့် အောင်သမာဓိ၊ ဇွဲထက်၊ ဝိန့်စိန်အပါအဝင် ရွှေဆိုင်ပိုင်ရှင်များနှင့် ပွဲစား ၁၀ ဦးမှာလည်း ထွက်ပြေးတိမ်းရှောင်နေ၍ ဖမ်းဝရမ်းထုတ်ထားကြောင်း ဇွန်လ ၂ ရက်တွင် ထုတ်ပြန်ပြီးနောက် ရွှေဈေးနှုန်း ကျပ် ၃၅၀,၀၀၀ ခန့်အထိ ချက်ချင်းကျဆင်းခဲ့သည်။

ထို့အတူ ငွေလဲလှယ်နှုန်းမတည်မငြိမ်ဖြစ်အောင် ဈေးကစားဆွဲတင်သူ ၁၄ ဦးအား ဖမ်းဆီးစစ်ဆေးခဲ့ပြီး နောက်ကွယ်မှ စေခိုင်းသူ ၁၁ ဦးကိုပါ ဖမ်းဝရမ်းထုတ်ခဲ့မှုများကြောင့် ၄၈၀၀ ခန့်အထိ မြင့်တက်ခဲ့သည့် ဒေါ်လာဈေးနှုန်း ကျပ် ၄၃၀၀ ဝန်းကျင်သို့ ကျဆင်းကာ ကျပ် ၅၀၀ ဝန်းကျင် ပြန်ကျခဲ့သည်။

ဒေါ်လာဈေးနှုန်း ၄၈၀၀ အထိ မြင့်တက်နေချိန် ကမ္ဘာ့ရွှေဈေးနှုန်းနှင့် ပြည်တွင်းဒေါ်လာဈေးဖြင့် တွက်ချက်ထုတ်ပြန်ရသည့် ရည်ညွှန်းဈေးနှုန်းသည် ကျပ်သိန်း ၄၀ အောက်သာ ဖွင့်လှစ်ခဲ့သော်လည်း လက်ရှိတွင် ကမ္ဘာ့ရွှေဈေး ၂၃၄၀ ဝန်းကျင်မှာသာရှိနေပြီး ဗဟိုဘဏ် Online Trading Platform မှ ရောင်းချသည့် ဒေါ်လာဈေးနှုန်း တစ်ဒေါ်လာ ၃၃၄၁ ကျပ်ဖြင့်သာ ၁၀ ကျပ်သာ မြင့်တက်မှုရှိသည်။

ထိုသို့ ရွှေဈေးနှင့် ဒေါ်လာဈေးနှုန်း ဈေးကစားသူများကို အရေးယူမှုအပြီး လက်ရှိတွင် ရွှေစျေးအကျဘက်ဦးတည်ကာ ဒေါ်လာဈေးပါကျပ် ၅၀၀ ဝန်းကျင် ပြန်ကျဆင်းနေချိန်တွင် ဈေးနှုန်းဆွဲသတ်မှတ်ထားပြီးဖြစ်သည့် ကျပ် ၄၁ သိန်းကျော်ထက်ပင် YGEA က ကျပ် ၇ သိန်းခွဲခန့်ဆွဲတင်ကာ ယနေ့ ဇွန်လ ၄ ရက်တွင် ကျပ် ၄,၈၇၀,၀၀၀ အထိ တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကျပ် ၄,၈၇၀,၀၀၀ ကျပ်မှာ ယမန်နေ့ ဇွန်လ ၃ ရက်ရည်ညွှန်းစျေး ၄,၁၃၃,၁၀၀ မှာ ကျပ် ၇၃၆,၉၀၀ များပြားသည်။

ယင်းကဲ့သို့ တိုးမြှင့်သတ်မှတ်လိုက်ခြင်းကြောင့် ပြည်တွင်းရွေစျေး ကျပ် ၄၈ သိန်းဝန်းကျင် ကျဆင်းရန်ပင်မဖြစ်နိုင်တော့ဘဲဝိသမလောဘသမားများ ဈေးကစားမှု မပြုလုပ်မီကာလ ကျပ် ၄၁ သိန်းဝန်းကျင်သို့လည်း ပြန်ကျလာနိုင်မည်မဟုတ်သော ကြောင့် ပြည်သူများဝယ်ယူသည့် အခေါက်ရွှေ တစ်ကျပ်သားလျှင် YGEA ၏ ကျပ်ခုနစ်သိန်းကျော် ဈေးနှုန်းဆွဲတင်ခံခဲ့ရခြင်းဖြစ်သည်။

သတ်မှတ်ရည်ညွှန်းရွှေအား ကမ္ဘာ့ရွှေဈေးနှင့် ပြည်တွင်းဒေါ်လာဈေးနှုန်းတို့နှင့် တွက်ချက်ရာတွင် ယခင်က ဗဟိုဘဏ်သတ်မှတ်ဈေး ကျပ် ၂၁၀၀ ဖြင့် သတ်မှတ်ရာမှ Online Trading Platform ဈေးနှုန်းဖြင့် ပြောင်းလဲသတ်မှတ်ပြီး ကျပ် ၃,၉၉၉,၀၀၀ အထိ ရောက်ရှိခဲ့သည့်အတွက် ကမ္ဘာ့ရွှေဈေး အတက်အကျ တစ်ခုတည်းပေါ်မှာသာ မူတည်တော့ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က MT News ကို ဖြေကြားထားသည်။ ထို့ပြင် ပြည်တွင်းရွှေဈေးကွက် မတည်ငြိမ်မှုများကြောင့် အခြားသော ရွှေလုပ်ငန်းရှင်အသင်းများ ရွှေရောင်းဝယ်မှု အားလုံးရပ်ဆိုင်းထားချိန် ရန်ကုန်တိုင်းတွင် ရွှေရောင်းဝယ်မှုရပ်ဆိုင်းရန် အစီအစဉ်မရှိကြောင်းနှင့် ရန်ကုန်တိုင်းရွှေအသင်းနှင့် ရွှေဆိုင်များက ကျပ်သိန်း ၄၀ ဖြင့် ရောင်းချပေးနေကြောင်း ၎င်းက ပြောကြားထားသော်လည်း လက်ရှိရွှေစျေး၊ ဒေါ်လာစျေးကျဆင်းချိန်တွင် ကျပ် ၇ သိန်းခွဲခန့်ခုန်တက်လိုက်ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *