October 22, 2024

၄.၆.၂၀၂၄
Written By Thandar

သရုပ်ဆောင်လမ်းကြောင်းပေါ်ကတစ်ဆင့် ဂီတလမ်းကြောင်းနဲ့ DJ ပိုင်းနဲ့ပါ ရပ်တည်နေလျှက်ရှိတဲ့ သရုပ်ဆောင် လမင်းကဗျာကတော့ သူမကြိုက်နှစ်သက်တဲ့သီချင်းတွေ အကောင်းဆုံးပုံဖော်ဖန်တီးလိုက်တိုင်း အပြောအဆိုခံ၊ ဝေဖန်ခံဖို့ ကံပါလာတယ်လို့ ဖွင့်ဟလာပါတယ်။

“ချစ်ပြီးသားမို့သီချင်း အရင်ကတည်းက ဒီသီချင်းကလေးဆိုချိန်မှာ အိုက်တင်လုပ်လိုက်တာပါ။ မောင့်ရှေ့မှာ မြင်နေရတာ မဲတဲ့အရာလေးတစ်ခုကိုဆိုတာ ပရိသတ်ကမေးတယ် အဲ့ မဲတဲ့အရာဘာလဲဆိုတော့ လမင်းလည်း ဘာပြန်ပြောရမှန်းမသိဘူး။ သီချင်းထဲမှာကတော့ တေးရေးဆရာရေးတဲ့အတိုင်းပဲ လမင်းလည်း ဆိုမိလိုက်တာပါ။ အရာဝတ္ထုတစ်ခုခုကို ပုံဖော်လိုက်တာပါ။ ဘာပုံဖြစ်သွားတယ်ပြောရမှန်း မသိဘူး။ လမင်းရဲ့ သီချင်းလေးကို ပြန်တင်တာကို ပရိသတ်က ချစ်ပြီး ပြန်အားပေးကြတယ်။ ပရိသတ်က မေးနေတဲ့ မဲနေတဲ့အရာကိုတော့ မြင်ချင်သလိုမြင်ပါလို့ပဲ လမင်းကပြောချင်ပါတယ်။ ပရိသတ်က Comment တွေမေးရင် လမင်းလည်း ဘာပြောရမှန်းကို မသိဘူး။ အပြောအဆိုခံဖို့ ကံပါလာတာပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် ပရိသတ်အားပေးလို့ ပျော်ပါတယ်။ လမင်းက ဘာသီချင်းထွက်ထွက် ဂယက်ထတတ်တာပေါ့နော်။ ဒီအတွက် သတိလည်း တော်တော်ထားရပါတယ်။ လမင်းက ထိန်းထိန်းသိမ်းသိမ်းလုပ်ခဲ့ပေမယ့် ဝေဖန်သူကတော့ ပြောနေကြတာပါပဲ” လို့ လမင်းကဗျာက ပြောပါတယ်။

တေးရေးဆရာ နေထွန်းဦး ရေးသားထားတဲ့ “ချစ်ပြီးသားမို့”တေးသီချင်းကို ပထမအကြိမ်ထွက်ရှိထားပြီး ပြန်လည်ရိုက်ကူးတင်တဲ့အခါမှာလည်း ပရိသတ်က ထပ်မံအားပေးခဲ့သလို ဝေဖန်တာလည်း ကြုံတွေ့ရတာလည်း ဖြစ်ပါတယ်။ သူမကတော့ လက်ရှိ တေးရေး မင်းသွေးထက်ရေးပေးထားတဲ့ “မိဂျမ်းတောလေး” Music Video တေးသီချင်းသစ်ကို သရုပ်ဆောင်ခင်လှိုင်နဲ့အတူ ရိုက်ကူးတင်ဆက်ထားတာလည်းဖြစ်ပါတယ်။ လမင်းကဗျာကတော့ တေးသီချင်းဟောင်းတချို့ကို ပြန်ဆိုထားသလို တေးသီချင်းသစ်တွေဖန်တီးကာ DJ Moon အနေနဲ့ ရပ်တည်နေလျှက်ရှိသူလည်း ဖြစ်ပါတယ်။

“လမင်း သီချင်းသစ်လေး မိဂျမ်းတောလေးကို မကြာခင်က ထွက်ထားတာပါ။ ဒီသီချင်းမှာလည်း အနုပညာလောကမှာ ချစ်ခင်ရတဲ့ ကိုကြီးခင်လှိုင်နဲ့ ဒီ Music Video ကို ရိုက်ထားတာပါ။ ကိုကြီးခင်လှိုင်ကတော့ လမင်းရဲ့ Idol ဖြစ်လို့ ရိုက်ဖြစ်တာပါ။ လမင်းကတော့ ဘယ်သီချင်းပဲ ရိုက်ရိုက်အကောင်းဆုံး ကြိုးစားထားပါတယ်” လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *