October 22, 2024

၄. ၆. ၂၀၂၄
Written by Ye Kyaw

ပြီးခဲ့သည့် မေလအတွင်း မြန်မာနိုင်ငံ၏ကုန်ထုတ်လုပ်မှုသည် ရှစ်လအတွင်း ပထမဆုံးအကြိမ် တိုးတက်လာခဲ့ပြီး အာဆီယံဒေသတွင်းနိုင်ငံများ၌ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှားနှင့် ထိုင်းနိုင်ငံများထက် တိုးတက်ခဲ့ကြောင်း ဇွန်လ ၃ ရက်တွင် ထုတ်ပြန်သည့် S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။

ရှမ်းမြောက်တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စတင်၍ PMI အညွှန်ကိန်းအလယ်အမှတ် ၅၀ စံနှုန်းအထက်အောက်သို့ ကျဆင်းခဲ့ပြီး မြန်မာ့ကုန်ထုတ်လုပ်မှုသည် ၂၀၂၄ ခုနှစ် မေလတွင် ကုန်ထုတ်လုပ်မှုတိုးလာခဲ့၍ PMI အညွှန်းကိန်း ၅၂ ဒသမ ၁ ရှိခဲ့ပြီး စံနှုန်းအလယ်မှတ် ၅၀ ကျော်သို့ ရှစ်လအတွင်း ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ကုန်ထုတ်မှုမြင့်တက်ခဲ့သည့် မေလအတွင်း အမှာစာအသစ်များနှင့် ထုတ်လုပ်ရေးတွင် ပိုမိုအားကောင်းသော လုပ်ငန်းတိုးချဲ့မှုများရှိခဲ့သော်လည်း တစ်ဖက်တွင် ငွေကြေးဖောင်းပွမှုဆိုင်ရာ ဖိအားများသည် ရှစ်လအတွင်း အမြင့်ဆုံးအထိ တိုးလာခဲ့ခြင်းလည်းဖြစ်ကြောင်း ထောက်ပြထားသည်။

“နိုင်ငံတဝှမ်းမှာ မရေရာမှုက ကြီးစိုးနေပြီး လက်နက်ကိုင်ပဋိပက္ခနဲ့ နိုင်ငံရေးမရေရာမှုအပေါ် ကြောက်ရွံ့မှုတွေက ယုံကြည်စိတ်ချမှုအပေါ် ဖိအားပေးနေပါတယ်။ ဒါပေမဲ့ လုပ်ငန်းအချို့ကတော့ လာမယ့် ၁၂ လအတွင်းမှာ ထုတ်လုပ်ရေး တိုးတက်လာဖို့ မျှော်မှန်းကြပါတယ်” ဟု S&P Global Market Intelligence မှ စီးပွား‌ရေးပညာရှင် Maryam Baluch က ပြောသည်။

S&P Global ၏ ဖော်ပြချက်များအရ အာဆီယံ၏ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်း ၅၁ ဒသမ ၇ ဖြင့် အမြင့်ဆုံးဖြစ်ခဲ့ပြီး ထုတ်လုပ်ရေးနှင့် အမှာစာအသစ်များသည် ၁၃ လအတွင်း အားအကောင်းဆုံးနှုန်းဖြင့် မြင့်တက်လာခဲ့ကြောင်း ဖော်ပြထားသည်။

ယနေ့အထိ ထုတ်ပြန်ထားသည့် အချက်အလက်များအရ အာဆီယံဒေသတွင်းနိုင်ငံများ၏ ကုန်ထုတ်လုပ်မှုအညွှန်းကိန်းအမှတ်များမှာ ထိုင်းနိုင်ငံက ၅၀၊ မလေးရှားနိုင်ငံက ၅၀ ဒသမ ၂၊ ဗီယက်နမ်နိုင်ငံက ၅၀ ဒသမ ၃၊ ဖိလစ်ပိုင်နိုင်ငံက ၅၁ ဒသမ ၉ သာရှိပြီး ၎င်းနိုင်ငံများအထက်တွင် မြန်မာနှင့် အင်ဒိုနီးရှားနိုင်ငံတို့က ၅၂ ဒသမ ၁ အမှတ်တူ ရပ်တည်နေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှ စက်တင်ဘာလအထိ ရှစ်လဆက်တိုက် တိုးတက်မှုရှိခဲ့ပြီး အဆိုပါကာလ၏ အချို့သောလများ၌ အာဆီယံဒေသတွင်း ကုန်ထုတ်လုပ်မှုအမြင့်ဆုံး အခြေအနေများသို့ ရောက်ရှိခဲ့ဖူးသည်။

Leave a Reply

Your email address will not be published. Required fields are marked *