October 22, 2024

၃.၆.၂၀၂၄
Written By Zun

မိုးကြီး၍မြေပြိုကျကာ လမ်းပိုင်းများပျက်စီးမှု တစ်ပတ်ကြာသည်ထိ ရှင်းလင်းမပြီးသေးခင် နောက်ထပ် မိုးရွာမည်ကို လဟယ်ဒေသခံများ စိတ်ပူနေကြကြောင်း သိရသည်။

“လက်ရှိ လဟယ်-ဆင်သေ-(ခန္တီး)လမ်းအခြေအနေကတော့ ဆိုးရွားပါတယ်။ ခရီးသွားသူတွေက လမ်းကြောင်း ရှင်းလင်းပြီးမှ သွားကြစေလိုပါတယ်။ အခုလို ရှင်းလင်းလို့ မပြီးသေးခင် သွားရင်တော့ မော်တော်ဆိုင်ကယ်ကို ကိုယ်တိုင်ထမ်းနိုင်မှ ခရီးရောက်နိုင်တဲ့အခြေအနေပါ။ စက်ကြီး၊ စက်သေးတွေနဲ့ သက်ဆိုင်ရာက လမ်းကြောင်း ရှင်းလင်းပေးနေပါတယ်။ နောက်ထပ်မိုးမရွာပါစေနဲ့လို့ ဆုတောင်းနေရတယ်”ဟု လဟယ်မြို့ခံတစ်ဦးက MT News ကို ဇွန်လ ၃ ရက်တွင် ပြောသည်။

မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ခန္တီး-လဟယ် လမ်းပိုင်းများပျက်စီးသွားသည့်အပြင် လဟယ်မြို့ပေါ်၌ AGTI အစိုးရ နည်းပညာအထက်တန်း ကျောင်းလမ်းပေါ်တွင်လည်း တောင်ကျချောင်းရေ တိုက်စားသောကြောင့် လမ်းများပြိုကျပိတ်ဆို့သွားခဲ့သည်။

နာဂဒေသ၊ လဟယ်မြို့တွင် မေလ ၂၅ ရက်ကစ၍ မေလ ၂၈ ရက်အထိ မိုးသည်းထန်ခဲ့၍ လဟယ်မြို့၊ တိုးချဲ့ (၂)ရပ်ကွက်တွင် လူနေအိမ် ၆ လုံး ပျက်စီးသွားခဲ့သည့်အပြင် မိုးကြီးရေလျှံခြင်း ၊ တောင်ကျချောင်း ရေစီးသန်ခြင်းတို့ကြောင့် မြေပြိုကျကာ တံတားများပျက်စီးခြင်းနှင့် သစ်ပင်ကြီးများလဲကျကာ လမ်းပိတ်ခြင်းများ ဆိုးဆိုးရွားရွား ဖြစ်ပေါ်ခဲ့သည်။

ယင်းအပြင် နာဂဒေသ ၊ လဟယ်မြို့နယ်အတွင်းက ဝုထကျေးရွာ၌ တောင်ယာက ပြန်လာသော သားအဖ ၃ ဦးနှင့် အခြား ကလေးငယ်တစ်ဦး မြေပြိုကျရာတွင် ပါသွားခဲ့ကြောင်း၊ ရုပ်အလောင်းများကို ရှာဖွေကြရာ ဇွန်လ ၃ ရက်ထိ မတွေ့သည့်အတွက် ရှာဖွေမှုကို ရပ်တန့်လိုက်ကြကြောင်းလည်း နာဂဒေသတွင်းသတင်းများတွင် ဖော်ပြထားကြသည်။

ပျက်စီးသွားသောလမ်းပိုင်းများထဲတွင် ခန္တီး-ဆင်သေ-လဟယ်လမ်းပိုင်းက ပို၍ ဆိုးရွားကြောင်း၊ ယခုအခါ လမ်းများ ရှင်းလင်းရာတွင် ဒေသအဆင့်၊ မြို့နယ်အဆင့်၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက် ပြည်သူများစုပေါင်းပါဝင်ကြကြောင်းလည်း နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသေးသည်။

Leave a Reply

Your email address will not be published. Required fields are marked *