October 22, 2024

၃. ၆. ၂၀၂၄
Written by Nyein Kyaw

AA တပ်ဖွဲ့က ဘင်္ဂါလီများကို သတ်ဖြတ်ခဲ့မှုနှင့် ဘင်္ဂါလီရွာများကို မီးရှို့ခဲ့မှုနှင့် ပတ်သက်ပြီး လူမှုအဖွဲ့အစည်း၊ မီဒီယာများ၊ နိုင်ငံတကာအဖွဲ့အစည်းများက ၎င်းအား ဖိအားပေးမှုများ လျော့ကျစေရန်အတွက် စစ်တွေမြို့ရှိ ဗျိုင်းဖြူရွာတွင် တပ်မတော်က လူ ၄၀ ကျော်သတ်ဖြတ်ပြီး လူရာနှင့်ချီ ဖမ်းဆီးထားကြောင်း သတင်းမှားကို ယုတ်မာကောက်ကျစ်စွာ ဝါဒဖြန့်ချိနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် တုံ့ပြန် ပြောကြားသည်။

ဖြစ်စဥ်မှာ ဒေသခံများ မြေပြင်သတင်းပေးချက်အရ သဲအိတ်ဘန်ကာများ၊ ပုန်းခိုကျင်းများ ဆောင်ရွက်နေသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဗျိုင်းဖြူ‌ကျေးရွာအတွင်းသို့ မေလ ၂၉ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ပြီး ကျေးရွာနေထိုင်သူများအား စုံစမ်းမေးမြန်နေစဉ် ဒေသခံမဟုတ်သူ ၃ ဦးက လုံခြုံရေးတပ်ဖွဲ့ဝင်ထံမှ လက်နက်လုယူသောကြောင့် ခြောက်လန့်ပစ်ခတ်ရာ ၎င်းတို့ ၃ ဦးလုံးသေဆုံးခဲ့ဖြစ်သည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး မသင်္ကာသူ ၂၀ ဦးခန့်အား ထိန်းသိမ်းစစ်ဆေးမှုများသာ တပ်မတော်က ဆောင်ရွက်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“အဲဒီထဲမှာ ပါတဲ့ AA ရဲ့ ယုတ်မာကောက်ကျစ်တဲ့ ဝါဒဖြန့်မှုဖြစ်တဲ့ လူ ၄၀ လောက်သေဆုံးတယ်လို့ ပြီးရင် အမျိုးသမီးတွေကို အဓမ္မပြုကျင့်သွားတယ်ဆိုတဲ့ ကိစ္စမျိုး ဖြစ်ပျက်ခဲ့ခြင်းမရှိပါဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

AA တပ်ဖွဲ့က ၎င်းတို့လုပ်ဆောင်ခဲ့သည့် အခြေအနေမှန်ကိုဖုံးကွယ်ကာ AA တပ်ဖွဲ့၀င်တို့ ဘင်္ဂါလီများအပေါ် သတ်ဖြတ်မှုနှင့် ရွာများမီးရှို့ခဲ့မှုနှင့်ပတ်သက်ပြီး ၎င်းတို့အပေါ် လူမှုအဖွဲ့အစည်း၊ မီဒီယာများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ ဖိအားပေးမှု လျော့ကျစေရန်ရည်ရွယ်၍ မဟုတ်မမှန်ဝါဒဖြန့်ချိခဲ့ခြင်းဖြစ်သည်။

“AA အနေနဲ့ ဒါတွေကို ဘာလို့လုပ်လဲဆိုတော့ AA အနေနဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်အတွင်းမှာ ဘင်္ဂါလီတွေကို သတ်ဖြတ်ခဲ့တယ်။ ဘင်္ဂါလီတွေရဲ့ အိမ်တွေကို မီးရှို့ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ လူမှုအဖွဲ့အစည်းတွေ၊ မီဒီယာတွေ၊ ကမ္ဘာ့အဖွဲ့အစည်းအချို့က နိုင်ငံတကာအဖွဲ့အစည်းအချို့က သူတို့ကို ဖိအားပေးတဲ့အချိန်မှာ မဟုတ်မမှန်လုပ်ကြံစွပ်စွဲခြင်းသာ ဖြစ်ပါတယ်။ ဘူးသီးတောင်မြို့မှာဆိုရင် မေလ ၁၇ ရက်နဲ့ ၁၈ ရက်နေ့ အဆိုးဆုံးပါပဲ။ မေလ ၁၇ ရက်နေ့ ည ၉ နာရီခွဲလောက်ကဆိုရင် AA အနေနဲ့ ဘူးသီးတောင်မြို့ထဲကို ဝင်ရောက်လာတဲ့အကြောင်း သတင်းရတယ်။ ပြီးရင် ဘင်္ဂါလီတွေရဲ့ နေအိမ်တွေကို မီးရှို့ခဲ့တယ်။ ဘင်္ဂါလီအားလုံးကို ထွက်သွားဖို့ဆိုပြီး နှင်ထုတ်ခဲ့တာမျိုး ရှိပါတယ်။ ဒါ့အပြင် ဘူးသီးတောင်နားလေးမှာရှိတဲ့ ကျေးရွာတွေ အိုးသည်ရွာတို့ ပြီးရင် ဘူးသီးတောင်အရှေ့ဘက်မှာရှိတဲ့ရွာတို့ အားလုံးကို ဘင်္ဂါလီတွေရဲ့ ရွာများကို မီးရှို့ခဲ့တာဖြစ်တယ်။ ဒါ့အပြင် အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေရှိတယ်ဆိုတဲ့ သတင်းတွေလည်း ရရှိပါတယ်။ အထောက်အထား ခိုင်လုံစွာနဲ့ ရရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ဖုံးကွယ်ဖို့ လုပ်ဆောင်နေတာဖြစ်တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

မေလ ၂၉ ရက်နေ့ ဗျိုင်းဖြူကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ရာနှင့်ချီ ဝင်ရောက်လာပြီး ရွာထဲမှ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များမှလွဲ၍ အမျိုးသားများအားလုံးကို ဖမ်းဆီးထားပြီး အမျိုးသား ၂၀၀ ခန့်ကို ဖမ်းဆီး စစ်ဆေးနေကာ ယနေ့ ဇွန်လ ၁ ရက်နေ့ နောက်ဆုံးသတင်းအရ ၄၁ ဦးကို သတ်ဖြတ်လိုက်ပြီဖြစ်ကြောင်း ပြည်ပရောက် Exile မီဒီယာများက ရေးသားဖော်ပြခဲ့ခြင်းဖြစ်ပြီး ထိုသတင်းများမှာ AA က ဘင်္ဂါလီများကို မီးရှို့ သတ်ဖြတ် လုယက်နေမှုများ မပေါ်ရန် တပ်မတော်အား လွှဲချလုပ်ဆောင်နေခြင်းသာ ဖြစ်နေသည်။

Leave a Reply

Your email address will not be published. Required fields are marked *