October 18, 2024

၂၁ – ၁၂- ၂၀၂၂
Written By Naddy

လှယဥ်ကျေးမယ်ဘဝကနေ အိမ်ထောင်ကျပြီး စိတ်ဖိစီးမှုဒဏ်ခံနေရတဲ့ အသက် ၅၁ နှစ်အရွယ်ရောက်မှ ပေါင် ၂၀ ချပြီး ဖိလစ်ပိုင်မှာကျင်းပတဲ့ နိုင်ငံတကာ အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲမှာ Winner ရခဲ့တဲ့ Mrs.မေမုဒြာက ဆုရရှိခဲ့‌တဲ့အကြောင်းကို M T News ကနေ ပရိသတ်ကြီးထံ မျှဝေလာပါတယ်။

Supra Myanmar Beauty pageant က နိုဝင်ဘာ ၁ ရက်ကနေ ၆ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပတဲ့ I am Model Search Mrs. International 2022 အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ချိန်မှာ အသက် ၅၁ နှစ် အရွယ်ရှိ “Mrs. မေမုဒြာ”ဟာ Main Winner ဆု ဆွတ်ခူးခဲ့ပါတယ်။

ပြိုင်ပွဲ မပြိုင်ခင် ၁၅၈ ပေါင်အထိ ခန္ဓာကိုယ် ဝိတ်တက်ခဲ့သလို ဒီလိုပြိုင်ချိန်မှာလည်း ရပ်ကွက်ထဲက ဘယ်သူကိုမှ မပြောဘဲ အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲ၀င်ပြိုင်ခဲ့ပြီး ပြည်ပပြိုင်ပွဲမသွားခင် ဒီဇိုင်နာ ကိုအောင်မြတ်သူ(ခ) ကိုသာဂိ အကြံဉာဏ်နဲ့ ပေါင် ၂၀ ကျော်အထိ ဝိတ်ချခဲ့‌တယ်လို့လည်း သိရပါတယ်။

“တီတီ့ရဲ့ ဘဝအခက်အခဲတွေဆိုရင် နောက်မျိုးဆက်သစ်လူငယ်တွေ သိဖို့ ဝေမျှပေးပါမယ်။ တီတီ လှယဉ်ကျေးမယ် ပထမဆုရပြီးတော့ အိမ်ထောင်ကျတယ်။ မော်လမြိုင်သူတွေရဲ့ ထုံးစံအတိုင်း သားကို သခင် လင်ကိုဘုရားပေါ့။ အိမ်ထောင်ရှင်အမျိုးသမီးဘဝပြီးသွားပြီလို့ဆုံးဖြတ်ပြီး ဒီဘဝထဲမှာပဲ ပေးဆပ်ခဲ့တယ်။ အသက် ၅၀ ကျော်လာရင် အမေတွေက စိတ်ဓာတ်ရေးရာဆိုင်ရာတွေ၊ အိမ်ထောင်ရေးပြဿနာတွေ၊ သားသမီးအရေးတွေ အရေးအားလုံးရဲ့ဖိအားက ဒီအမေပေါ်မှာကျရောက်ပါတယ်။ စိတ်ဆင်းရဲတာပေါ့။ စိတ်ဆင်းရဲမှုတွေများလာရင် ကျန်းမာရေးတွေ ချို့တဲ့လာတယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရင် ကျန်းမာရေးလည်း ထိတာပေါ့။ တီတီက အဲဒီအထဲက တစ်ယောက်ပါပဲ။ အိမ်တိုင်းမှာရှိတဲ့ အိမ်ရှင်မတိုင်းဟာ သူ့အိမ်မှာ ကကြီး ကိုယ့်အိမ်မှာ ခခွေး အက္ခရာစဉ်တိုင်းမှာ အမျိုးသမီးတွေ အားလုံးစိတ်ဆင်းရဲကြပါတယ်။ အမျိုးသမီးတွေအားလုံးပေါ့။ ကျွန်မလည်း အဲဒီထဲကတစ်ယောက်ပါ။ ပထမတော့ ခင်ပွန်းနယ်မှာ လိုက်နေပေမယ့် နောက်ပိုင်း ရန်ကုန်ကို ပြန်လာခဲ့တယ်။ အိမ်ထောင်ရှင်ပြိုင်ပွဲရှိတော့ ဝင်ပြိုင်ခဲ့တာပါ” လို့ အိမ်ထောင်ရှင်အလှမယ် မေမုဒြာက ပြောပါတယ်။

Supra Myanmar Beauty pageant က မြန်မာပြည်မှာ ကျင်းပတဲ့ Mrs. Supra Myanmar 2022 ပြိုင်ပွဲမှာလည်း သားတစ်ယောက်၊ သမီးတစ်ယောက်မိခင် အသက် ၅၁ နှစ်အရွယ် မေမုဒြာက 3rd Runner Up ဆုကို ရရှိခဲ့ပါတယ်။

လက်ရှိမှာ ဒီဇိုင်နာ ကိုအောင်မြတ်သူ(ခ) ကိုသာဂိ၊ အဆိုတော်မိုင် အကူအညီနဲ့ အဆိုတော် ရတနာမိုင်ရဲ့ တေးသီချင်းမှာ သရုပ်ဆောင်ပိုင်သစ်တို့နဲ့ Music Video တွေမှာ ပါ၀င်သရုပ်ဆောင်ထားသလို၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၆ ရက်ကနေ ၂၂ ရက်အထိ မလေးရှားနိုင်ငံမှာကျင်းပမဲ့ Miss ပြိုင်ပွဲမှာလည်း အကဲဖြတ်ဒိုင်အဖြစ် လုပ်ဆောင်မယ်လို့ သိရပါသည်။

Mrs. မေမုဒြာဟာ ဒီနေ့ ဒီဇင်ဘာ၂၁ ရက် ညနေပိုင်းမှာလည်း ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဗိုလ်ခန့်လမ်းမှာ သမီးဖြစ်သူ မဆုလဲ့နွယ် ၁၄ နှစ်ပြည့် မွေးနေ့အလှူအဖြစ် ဖက်ခင်းပြီး ထမင်းနဲ့ဟင်း စတုဒိသာ ကျွေးမွေးလှူဒါန်းမယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *