October 22, 2024

၃. ၆. ၂၀၂၄
Written b Nyein Kyaw

ပြည်တွင်းငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်အောင် ဒေါ်လာဈေးနှုန်း ကျပ် ၄၈၀၀ ခန့်အထိ ဈေးကစားဆွဲတင်ခဲ့သူ ၁၄ ဦးအား ဖမ်းဆီးစစ်ဆေး ဖော်ထုတ်ရာမှ နောက်ကွယ်မှစေခိုင်းသူ ၁၁ ဦးကို ဖော်ထုတ်နိုင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ထားသည်။

နိုင်ငံတော်အစိုးရက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိရာ ဝိသမလောဘသားများအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတက်မှုအား အနှောင့်အယှက်အဟန့်အတားဖြစ်စေရန် ရည်ရွယ်၍ ပြည်တွင်း နိုင်ငံခြားငွေ လဲလှယ်နှုန်း မတည်မငြိမ်ဖြစ်စေရန် လူမှုကွန်ရက်မီဒီယာများမှတစ်ဆင့် ဝါဒဖြန့်ချိဈေးကစားခြင်း၊ ထို့ပြင် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်ရှိသည့် Money Changer အချို့သည်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စည်းမျဉ်းသတ်မှတ်များအား ချိုးဖောက်၍ နိုင်ငံခြားငွေ လဲလှယ်နှုန်းများအား ဈေးကစားပြီး နိုင်ငံ့စီးပွားရေး မငြိမ်မသတ်ဖြစ်စေရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည့်အတွက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများမှ ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ ပြည်တွင်းနိုင်ငံခြားငွေ လဲလှယ်နှုန်း မတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်လျက်ရှိသည့် တရားမဝင်နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်နေသူများနှင့် ပွဲစားများအပါအဝင် စုစုပေါင်း တရားခံ ၁၄ ဦးအား ဖော်ထုတ်ဖမ်းဆီး စစ်ဆေးလျက်ရှိသည်။

၎င်းတို့၏ စစ်ဆေးဖော်ထုတ်ချက်များအရ ပြည်တွင်းနိုင်ငံ ခြားငွေ လဲလှယ်နှုန်း မတည်မငြိမ်ဖြစ်အောင် နောက်ကွယ်မှ ဆောင်ရွက်လျက်ရှိသည့် တရားခံ ၁၁ ဦးအား ဥပဒေနှင့်အညီ ခေါ်ယူစစ်ဆေးနိုင်ရေး ဆောင်ရွက်ခဲ့ရာ ၎င်းတို့သည် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ၏ ဖမ်းဆီးခြင်းမခံရစေရန် ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ထိုကဲ့သို့ ပြည်တွင်းနိုင်ငံခြားငွေ လဲလှယ်နှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်လျက်ရှိသည့် ဖမ်းဆီးရမိတရားခံ စုစုပေါင်း ၁၄ ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် တရားခံ ၁၁ ဦးကိုလည်း ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပြီး မိဘပြည်သူများအနေဖြင့် အဆိုပါ ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံများအား သိရှိပါက သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများထံ လျှို့ဝှက်စွာသတင်းပေးပို့နိုင်ကြောင်းနှင့် လက်ခံထားသူများကိုလည်း တရားဥပဒေအရ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *