October 22, 2024

၃.၆.၂၀၂၄
Written By Zun

တိုက်ပွဲဖြစ်ပွားနေသောကြောင့် သံတွဲ-ရန်ကုန်လေယာဉ်ပြေးဆွဲမှုအား ထပ်မံ၍ ယာယီရပ်ဆိုင်းလိုက်သည်ဟု သိရကြောင်း သံတွဲမြို့ခံများ ပြောဆိုမှုနှင့် MT News စုံစမ်းမှုအရ သိရသည်။

“ဒီနေ့ပဲ ရပ်တာ။ တိုက်ပွဲက လေယာဉ်ကွင်းနားမှာ ဖြစ်နေတာ။ မဇင်ရွာ၊ စပါးကြီးရွာ၊ ဂေါ့ အဲဒီအနားမှာ ဖြစ်တာဆိုတော့ လေယာဉ်ပျံသန်းဖို့က မဖြစ်နိုင်ဘူးလေ။ အခု ကျွန်တော်တို့လည်း အိမ်မှာတော့နေတယ်။ ကြောက်တော့ ကြောက်တာပေါ့။ တပ်ဖက်က လေယာဉ်နဲ့ ချတာ။ AA တွေ မလွယ်လောက်ဘူး”ဟု သံတွဲမြို့ခံတစ်ဦးက ပြောသည်။

လက်ရှိတွင် မြန်မာ့တပ်မတော်က မဇင်လေဆိပ်အနီး ဂေါ့ကျေးရွာအနီးတွင် အခြေချနေသော AA လက်နက်ကိုင်အဖွဲ့ကို လေကြောင်းဖြင့် ချေမှုန်းလျက်ရှိပြီး AA အဖွဲ့များ အထိအခိုက်များနေကြောင်း တပ်မတော်နှင့် နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။

“သံတွဲကို AA က လမ်းကြောင်း ၃ ခုနဲ့ ချဉ်းကပ်လာတာလို့ သိရတယ်။ တပ်မတော်က ဒါကို ကြိုတွက်ထားတာ။ သံတွဲမြို့ခံတွေက AA ကြောင့် ဒုက္ခရောက်မှာကို မလိုချင်ဘူး။ တိုက်ပွဲက ဒီနေ့တော့ တော်တော့်ကို အရှိန်တက်လာတယ်” ဟု ယင်းကပြောသည်။

တိုက်ပွဲများကြောင့် ပြေးဆွဲမှုရပ်ဆိုင်းထားသော သံတွဲ-ရန်ကုန် လေကြောင်းခရီးစဉ်ကို ဇွန်လ ၂ ရက်တွင် ပြန်လည်ပြေးဆွဲမည်ဟုကြေညာခဲ့ပြီး ယနေ့တွင်မူ လေဆိပ်အနီး၌ပင် တိုက်ပွဲဖြစ်ပွား၍ ပြေးဆွဲမှု ပြန်လည်ရပ်တန့်သွားခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *