October 22, 2024

၃.၆. ၂၀၂၄
Written by Shwe Phyo

အမေရိကန်နိုင်ငံအခြေစိုက် Oxford Economics ၏ Global Cities Index ကမ္ဘာအကောင်းဆုံးမြို့များ အညွှန်းကိန်း အဆင့်သတ်မှတ်ချက်များကိုအခြေခံပြီး ၂၀၂၄ ခုနှစ်အတွက် အရှေ့တောင်အာရှ၏အကောင်းဆုံးမြို့ ၅၅ မြို့စာရင်းကို Seasia သတင်းဌာနက အဆင့်သတ်မှတ်ဖော်ပြခဲ့ရာတွင် မြန်မာနိုင်ငံမှ မြို့ပေါင်း ၃ မြို့ပါဝင်နေကြောင်း သိရသည်။

Oxford Economics အဖွဲ့သည် Global Cities Index အညွှန်းကိန်းကို အဆင့်သတ်မှတ်ဖော်ပြရာတွင် မြို့များ၏စီးပွားရေး၊ လူသားအရင်းအမြစ်၊ ဘဝရှင်သန်နေထိုင်မှုအရည်အသွေး၊ သဘာဝပတ်ဝန်းကျင်နှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာကိစ္စ စသည့် အချက်ငါးချက်ကို အမှတ်ပေးကာ ကမ္ဘာ့အဆင့်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအဖွဲ့သည် ကမ္ဘာတဝှမ်းရှိမြို့ပေါင်း ၁၀၀၀ ကျော်ကို ကမ္ဘာအဆင့်သတ်မှတ်ဖော်ပြခဲ့ပြီး ယင်းမြို့ပေါင်း ၁၀၀၀ ကျော်ထဲတွင် အရှေ့တောင်အာရှဒေသမှ မြို့ပေါင်း ၅၅ မြို့ ပါဝင်ခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံရှိမြို့များအနက် ရန်ကုန်မြို့သည် ကမ္ဘာ့အဆင့် ၆၈၀ နေရာတွင်ရှိနေပြီး အရှေ့တောင်အာရှ၏အကောင်းဆုံးမြို့များစာရင်း၌ အဆင့် ၄၅ နေရာမှာရှိနေကြောင်း သိရသည်။ ထို့အပြင် မန္တလေးမြို့သည် ကမ္ဘာ့အကောင်းဆုံးမြို့များအညွှန်းကိန်း အဆင့် ၈၂၈ နေရာရှိနေပြီး အရှေ့တောင်အာရှ၏အကောင်းဆုံးမြို့များစာရင်းတွင်အဆင့် ၅၄ နေရာ ရှိနေသည်။ နေပြည်တော်မြို့သည် ကမ္ဘာ့အကောင်းဆုံးမြို့များ အညွှန်းကိန်း ကမ္ဘာ့အဆင့် ၈၉၈ နေရာတွင်ရှိနေပြီး အရှေ့တောင်အာရှဒေသ၏အကောင်းဆုံးမြို့ပေါင်း ၅၅ မြို့စာရင်းတွင်မူ အောက်ဆုံးနေရာတွင် ရှိနေသည်။

၂၀၂၄ ခုနှစ်အတွက် အရှေ့တောင်အာရှ၏အကောင်းဆုံးမြို့ ထိပ်ဆုံး ၅ မြို့စာရင်းထဲတွင်မူ စင်ကာပူ၊ မလေးရှားနိုင်ငံမှ ကွာလာလမ်ပူမြို့၊ ထိုင်းနိုင်ငံမှ ဘန်ကောက်မြို့၊ ဖိလစ်ပိုင်နိုင်ငံမှ မနီလာမြို့နှင့် အင်ဒိုနီးရှားနိုင်ငံမှ ဂျာကာတာမြို့တို့ ရပ်တည်နေသည်။

REF Seasia

Leave a Reply

Your email address will not be published. Required fields are marked *