October 22, 2024

၃. ၆. ၂၀၂၄
Written by Ye Kyaw

ရွှေဈေးနှုန်း မတည်ငြိမ်အောင် ပြုလုပ်သူ ၂၁ ဦးအား ဖမ်းဆီးအရေးခဲ့ပြီး နောက်ကွယ်မှစေခိုင်းသူ ရွှေဆိုင်ပိုင်ရှင်နှင့်ပွဲစားများကိုပါ ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် ဖမ်းဝရမ်းထုတ်ခံရသူ ရွှေဆိုင်ပိုင်ရှင်များ ပိုင်ဆိုင်သည့် ရွှေဆိုင်များနှင့် နေအိမ်များကို ချိတ်ပိတ်အရေးယူ ဆောင်ရွက်နေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ပြီးခဲ့သည့် မေလနောက်ဆုံးအပတ်အတွင်း ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စ ဒေါ်လာ ၂၃၄၀ ဝန်းကျင်ဖြင့်သာ ဈေးနှုန်းတည်ငြိမ်မှုရှိသော်လည်း ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၅၈ သိန်းကျော်အထိ မြင့်တက်ခဲ့၍ ရွှေဈေးနှုန်းဆွဲတင်ကာ နိုင်ငံ့စီးပွားရေး မတည်ငြိမ်အောင် ဆောင်ရွက်ခဲ့သူ ၂၁ ဦးနှင့် နောက်ကွယ်မှ စေခိုင်းသူ နာမည်ကြီးရွှေဆိုင်များဖြစ်သည့် အောင်သမာဓိ၊ ဇွဲထက်၊ ဝိန့်စိန်၊ အကယ်ဒမီ အပါအဝင် ရွှေဆိုင်ပိုင်ရှင်များနှင့် ပွဲစား ၁၀ ဦးမှာလည်း ထွက်ပြေးတိမ်းရှောင်နေ၍ ဖမ်းဝရမ်းထုတ်ထားကြောင်း ဇွန်လ ၂ ရက် (ယမန်နေ့)တွင် SAC မှ ထုတ်ပြန်ခဲ့သည်။

ယနေ့တွင် အဆိုပါ ဖမ်းဝရမ်းထုတ်ခံရသည့် နာမည်ကြီးရွှေဆိုင်များဖြစ်သည့် အောင်သမာဓိ၊ ဇွဲထက်၊ ဝိန့်စိန်၊ အကယ်ဒမီ အပါအဝင် ရွှေဆိုင်ပိုင်ရှင်များ ပိုင်ဆိုင်သည့် ရွှေဆိုင်များနှင့် နေအိမ်များကို ချိပ်ပိတ်အရေးယူ ဆောင်ရွက်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

သို့သော် MT News သတင်းဌာန၏ မြေပြင်သွားရောက်လေ့လာမှုများအရ ဖမ်းဝရမ်းထုတ်ခံရသည့် ရွှေဆိုင်ပိုင်ရှင်များ ပိုင်ဆိုင်သော ဆိုင်ခွဲများ ဆိုင်များဖွင့်လှစ်ထားကာ ပုံမှန်အတိုင်း ရွှေရောင်းချလျက်ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။

ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံ ၁၀ ဦးမှာ ပန်းဘဲတန်းမြို့နယ်ရှိ စိန်ကျော်မိုး‌ရွှေဆိုင်မှ ဦးကျော်ငြိမ်း၊ မြောက်ဒဂုံမြို့နယ်ရှိ အကယ်ဒမီရွှေသန့်စင်လုပ်ငန်းမှ ဦးမျိုးသူဝင်း၊ ပန်းဘဲတန်းမြို့နယ်ရှိ ခရမ်းသုံးခွရွှေဆိုင်မှ ဦးသက်နောင်ဝင်း၊ လသာမြို့နယ်ရှိ ဇွဲထက်ရွှေဆိုင်မှ ဦးဆန်းဝင်း၊ အောင်မြေသာစံမြို့နယ်ရှိ အောင်သမာဓိရွှေဆိုင်မှ ဦးအောင်ဆန်းဝင်း၊ လမ်းမတော်မြို့နယ်ရှိ ဝိန့်စိန်ရွှေဆိုင်မှ ဦးအောင်ကောင်းမြတ်၊ ပန်းဘဲတန်းမြို့နယ်ရှိ ရွှေဇင်ဝင်း‌ရွှေသန့်စင်လုပ်ငန်းမှ ဦးအေးကြူ၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှ ပွဲစား ဦးကျော်ဝင်း (ခ) ပန်းသီး၊ သင်္ဃန်းကျွန်းမြို့နယ်မှ ပွဲစား ဦးညီညီဦး(ခ) ချက်ကြီး၊ လမ်းမ‌တော်မြို့နယ်မှ ပွဲစား ဒေါ်တင်တင် (ခ) စန္ဒာတင် စသည်တို့ဖြစ်သည်။

ဖမ်းဆီးစစ်ဆေးနေသူ ၂၁ ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည့်အပြင် ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် တရားခံ ၁၀ ဦးအားလည်း ဥပဒေနှင့်အညီ အရေးယူနိုင်ရေး မိဘပြည်သူများအနေဖြင့် အဆိုပါ တရားခံများအား သိရှိပါက သက်ဆိုင်ရာ လုံခြုံရေးအဖွဲအစည်းများထံ လျှို့ဝှက်စွာ သတင်းပေးပို့နိုင်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

ရွှေဈေးနှုန်း မတည်ငြိမ်အောင် ပြုလုပ်သူ ၂၁ ဦးအား ဖမ်းဆီး၍ နောက်ကွယ်မှစေခိုင်းသူ ရွှေဆိုင်ပိုင်ရှင်နှင့်ပွဲစားများကိုပါ ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် ပြည်တွင်းရွှေနှုန်း ယနေ့ ဈေးနှုန်းဖွင့်ချိန်တွင် အခေါက်‌ရွှေတစ်ကျပ်သား ကျပ် ၅,၂၆၀,၀၀၀ သို့ ကျဆင်းခဲ့ပြီး ယခင်တစ်ပတ် ဈေးနှုန်းပိတ်ချိန် (သောကြာနေ့) ထက် ကျပ် ၃၄၀,၀၀၀ ချက်ချင်းကျဆင်းခဲ့ကြောင်း ပြည်တွင်းရွှေအရောင်းအဝယ်ဈေးကွက်မှ သိရသည်။

ဖမ်းဝရမ်းထုတ်ခံထားရသည့် ရွှေဆိုင်ပိုင်ရှင်များ၏ ရွှေဆိုင်များနှင့် နေအိမ်များကို ချိပ်ပိတ်အရေးယူ ဆောင်ရွက်နေမှုနှင့် ပတ်သက်ပြီး မှန်ကန်မှု ရှိ/မရှိ MT News သတင်းဌာနမှ နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီ (SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့သို့ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားမှုများကို ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်သည်။

ပုံစာ။ ဖမ်းဝရမ်းထုတ်ခံရမှုတွင် ပါဝင်ခဲ့သည့် နာမည်ကြီးရွှေဆိုင်များ၏ ဆိုင်ခွဲများ ပုံမှန်အတိုင်းဆိုင်ဖွင့်ကာ ရောင်းချနေမှုကို ယနေ့ ညနေပိုင်းက တွေ့ရစဉ်

Leave a Reply

Your email address will not be published. Required fields are marked *