October 21, 2024

၃.၆.၂၀၂၄
Translated by Htwe Ko Tun

အိန္ဒိယနိုင်ငံ၊ အတ်တာပရာဒက်ရှ်ပြည်နယ်၊ လပ်နောင်းမြို့မှာ အိမ်တစ်အိမ်ထဲ ဖောက်ထွင်းဝင်ရောက်ခဲ့တဲ့သူခိုးတစ်ယောက်ဟာ အိမ်အတွင်းမှာ အိပ်ပျော်နေခဲ့ရာမှ နောက်တစ်နေ့မနက် အိပ်ရာကအနိုးမှာ ရဲတပ်ဖွဲ့တွေ သူ့ဘေးရောက်နေပြီး ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ထူးထူးဆန်းဆန်းဖြစ်ရပ်တစ်ခု ဇွန်လ ၁ ရက်ညက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သူခိုးက လပ်နောင်းမြို့အတွင်း သော့ခတ်ထားတဲ့အိမ်တစ်အိမ်ထဲကို ဖောက်ထွင်းဝင်ရောက်နိုင်ခဲ့ပြီး အိမ်အတွင်းစိတ်ကြိုက်မွှေနှောက် ရှာဖွေခဲ့တာပါ။ အဖိုးတန်ပစ္စည်းတွေကိုလည်းရယူထားခဲ့ပြီး ခေါင်းမူးသလို ဖြစ်လာတာနဲ့ လေအေးပေးစက်ကိုဖွင့်ကာ ခေတ္တအနားယူဖို့လုပ်ခဲ့ပါတယ်။

သူဝင်ရောက်ခဲ့တဲ့အိမ်က ဆူနီလ်ပန်ဒီအမည်ရှိတဲ့ ဆရာဝန်တစ်ဦးရဲ့အိမ်ဖြစ်ပြီး လပ်နောင်းမြို့အတွင်း ဘာလ်ရန်ပူဆေးရုံမှဖြစ်ကာ အလုပ်ဆင်းနေချိန်ဖြစ်လို့ အိမ်မှာလည်းဘယ်သူမှမရှိဘူးလို့ သိရပါတယ်။

ဒါပေမယ့် အိမ်ထဲဝင်ရောက်ခိုးယူနေစဉ် လေအေးပေးစက်ဖွင့်ကာ ခဏလောက်အနားယူမယ်ကြံခဲ့တဲ့ သူခိုးက မနက်ထိတစ်ခါတည်း အိပ်ပျော်နေခဲ့ပါတယ်။ နောက်နေ့မနက်မိုးလင်းတော့ အိမ်နီးနားချင်းတွေက ဒေါက်တာဆူနီလ်ရဲ့ အိမ်တံခါးကြီးပွင့်နေတာတွေ့လို့ မသင်္ကာဖြစ်ကြတာနဲ့ အိမ်ထဲကိုချောင်းကြည့်ကြရာမှာ ပစ္စည်းများပြန့်ကျဲနေတာကို တွေ့ခဲ့ကြပါတယ်။

အဲဒါနဲ့ အိမ်နီးနားချင်းတွေက ရဲတပ်ဖွဲ့ကိုအကြောင်းကြားကာ ရဲတပ်ဖွဲ့က အိမ်ထဲဝင်‌ရောက်ခဲ့တာမှာတော့ လေအေးပေးစက်ရှေ့မှာ ရှာဖွေခိုးယူထားတဲ့ အဖိုးတန်ပစ္စည်းတွေနဲ့အတူ အိပ်ပျော်နေသေးတဲ့ ကာပီလ်အမည်ရှိ သူခိုးကိုဖမ်းမိခဲ့တာပါပဲ။

ရဲတပ်ဖွဲ့က သူခိုးဟာ အိမ်တွင်းဖောက်ထွင်းဝင်ရောက်ပြီး ဗီရိုတွေကိုလည်းစိတ်ကြိုက်လှန်လှောရှာဖွေကာ အဖိုးတန်ပစ္စည်းတွေနဲ့ ငွေသားတွေကိုပါ ယူဆောင်ထားတာလို့သိရပါတယ်။သူက လက်ဆေးဇလုံ၊ ဓာတ်ငွေ့ဆလင်ဒါ၊ ရေစုပ်စက်တို့ကိုပါ ခိုးယူဖို့ကြိုးစားထားကာ လေအေးပေးစက်ကိုဖွင့်ပြီး အိပ်ပျော်မိသွားရာက နောက်နေ့ ဇွန်လ ၂ ရက် နံနက် ရဲတွေရောက်လာမှ နိုးတော့တာလို့သိရပါတယ်။

Ref- The Times of India

Leave a Reply

Your email address will not be published. Required fields are marked *