October 21, 2024

ပုံစာ။ မေလဆန်းက ကျင်းပခဲ့သော PDF မင်္ဂလာဆောင်မှ သတို့သားနှင့် သတို့သမီးပုံရိပ်။

၃. ၆. ၂၀၂၄
Written by Nay Moe

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောကျေးရွာမှာ PDF တွေ မင်္ဂလာပွဲလုပ်နေချိန်မှာ လေကြောင်းတိုက်ခိုက်ခံရတယ်လို့ သိရသလို ကနဦးသတင်းတွေအရတော့ PDF တွေ ထိခိုက်သေဆုံးမှု များပြားခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်စဥ်က ဒီနေ့ ဇွန်လ ၃ ရက် မနက် ၈ နာရီ ၄၅ မိနစ်ခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပေါင် ၂၅၀ ဗုံး အနည်းဆုံးနှစ်လုံး ကြဲချခဲ့တာဖြစ်သလို မင်္ဂလာဆောင်ထမင်းကျွေးမဏ္ဍပ်ပေါ်ဗုံးကျရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

မင်္ဂလာဆောင်တဲ့ သတို့သားနဲ့ သတို့သမီးနှစ်ယောက်စလုံးက PDF တွေဖြစ်သလို လာရောက်ကြတဲ့ ဧည့်ပရိသတ်အားလုံးလိုလိုကလည်း PDF၊ LPDF နဲ့ လက်နက်ကိုင်တွေရဲ့ ဆွေမျိုးသားချင်းတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

“သတို့သမီးက ပကဖခေါင်းဆောင်ပိုင်းက မဒေါင်းနီ(မနှင်းဆီ)။ အခု အကြဲခံရတဲ့အထဲမှာ သတို့သားလည်း သေသွားတယ်သိရတယ်”လို့ ဖြစ်စဥ်ကို ကနဦးကြားသိထားတဲ့ PDF တစ်ဦးက MT News ကို ပြောပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ကြောင့် မင်းကင်းပကဖခေါင်းဆောင်ဒေါင်းနီရဲ့ အမျိုးသားဖြစ်သူ သတို့သားအပါအဝင် ၇ ဦးက ပွဲချင်းပြီးသေဆုံးသွားသလို သေဆုံးသူထပ်တိုးလာတာကြောင့် ခန့်မှန်းသေဆုံးသူက ၂၀ ကျော်နိုင်တဲ့အပြင် ဒဏ်ရာရသူကလည်း ၂၀ အထက်ရှိနိုင်တယ်လို့ မင်းကင်းသတင်းမှန်ပြန်ကြားရေးကလည်း အတည်ပြုဖော်ပြထားပါတယ်။

MT News သတင်းဌာနအနေနဲ့လည်း မင်းကင်း၊ မတောရွာက PDF စုံတွဲမင်္ဂလာဆောင်ကို လေကြောင်းတိုက်ခိုက်မှုရှိမရှိ အတည်ပြုနေသလို မြေပြင်သတင်းတွေကိုပါဆက်လက်စုံစမ်းနေပြီး ထပ်မံသိရှိရတာတွေ ဆက်လက်ဖော်ပြပေးပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *