October 21, 2024

ပုံစာ။ စောအင်္ဂလိပ်ပုံရိပ်အချို့နှင့် ထုတ်ပယ်စာ (Photo - Credit)

၃. ၆.၂၀၂၄
Written by Nay Moe

နယ်ဒါးမြရဲ့ ကော်သူးလေအာမီ(KTLA)ဌာနချုပ်မှာ သတင်းထုတ်ပြန်ရေးနဲ့ စီမံခန့်ခွဲမှုတွေလုပ်ဆောင်နေတဲ့ ဒုတိယ ရုံးထိုင်မှူးချုပ် ဗိုလ်ကြီးစောအင်္ဂလိပ်(ခ) စောဝါးနေမူးက လက်နက် ၃၀ ကျော်နဲ့ လက်အောက်ခံလူတွေ ခေါ်ဆောင်သွားပြီး BGF ထံမှာ ခိုလှုံပူးပေါင်းသွားတာကြောင့် ရာထူးကထုတ်ပယ်လိုက်တယ်လို့ KTLA က ဒီနေ့ထုတ်ပြန်ပါတယ်။

ဒီထုတ်ပယ်စာမှာဆိုရင် ဒုတိယရုံးထိုင်မှူးချုပ်ရာထူးနဲ့လုပ်ကိုင်နေတဲ့ စောအင်္ဂလိပ်ဟာ အသိပေးအကြောင်းမကြားဘဲ မိသားစုဝင်တွေ၊ ရဲဘော် ၆ ဦး ခေါ်ဆောင်ပြီး လက်နက်အချို့ပါယူသွားလို့ ထုတ်ပယ်တယ်လို့ ဖော်ပြထားတာပါ။ ဒေသတွင်းသတင်းတွေအရတော့ စောအင်္ဂလိပ်ဟာ သူ့နောက်လိုက် ၃၇ ယောက်၊ လက်နက် ၃၀ ကျော်နဲ့ မေလ ၂၃ ရက်က BGF ထံ ခိုလှုံပူးပေါင်းခဲ့တာပါ။

ဗိုလ်ကြီးစောအင်္ဂလိပ်ဟာ လက်နက်လူသူယူဆောင်သွားရာမှာ ယူသွားတဲ့လက်နက်တွေက ပြီးခဲ့တဲ့လပိုင်းထဲ ရှေ့တန်းမှာ တိုက်ပွဲဝင်နေတဲ့ PDF တွေကို နောက်ကနေ ကွပ်ကဲရာမှာရှိနေတဲ့ ဆင်ဖြူစစ်ကြောင်းမှူးစောစလုံးက လက်နက်ကြီးနဲ့ ပစ် ခတ်လို့ PDF အများအပြားသေခဲ့တာကို ဖော်ထုတ်တဲ့ PDF ရဲရင့်ရဲ့ မိသားစုကို သတ်ပစ်မယ်လို့ခြိမ်းခြောက်ခဲ့ရာမှာ ရဲရင့် သတ်သေတဲ့ဖြစ်စဥ်တွေကြောင့် နယ်ဒါးမြက စောစလုံးကို တစ်နှစ်ရာထူးရပ်နားအပြစ်ပေးပြီး လက်နက်ဖြုတ်သိမ်းချိန်မှာ စောစလုံးဆီက လက်နက်တွေကို တာဝန်ယူသိမ်းဆည်းထားတဲ့ စောအင်္ဂလိပ်က ယူဆောင်သွားပြီး BGF ဆီ ခိုလှုံပူးပေါင်းလိုက်တာလို့ နယ်ဒါးမြရဲ့ ကော်သူးလေအာမီကို ထောက်ပို့လုပ်ပေးခဲ့တဲ့ ထောက်ပို့မမိုးက ပြောပါတယ်။

“ကော်သူးလေအာမီဌာနချုပ်နေရာမှာနေတဲ့ Saw English က BGF နဲ့သွားပူးပေါင်းလိုက်ပါပြီ။ သူသွားပူးပေါင်းတဲ့အချိန်မှာ ဌာနချုပ်က လက်နက် အလက် ၃၀ နဲ့ လူတစ်အုပ်ကြီးပါသွားပါတယ်။ အဲ့ဒီလက်နက်တွေက မိုးတို့ပြည်သူတွေ ထောက်ပံ့ပေးတဲ့လက်နက်တွေပါ။ နယ်ဒါးမြ ပိုက်ဆံတစ်ပြားမှမပါပါ။ အဲ့ဒီထဲမှာ မိုးနဲ့အလှူရှင် ဝယ်ထားပေးတဲ့ စျေးအကြီးဆုံး စနိုက်ပါ တစ်လက် ဘတ် ၆ သိန်းတန်လည်း ပါတယ်။ Saw English ဒီစာကိုတွေ့ရင် မိုးနဲ့ မိုးအလှူရှင်တွေထောက်ပံ့ပေးတဲ့ လက်နက်တွေအားလုံးကို ကျေးဇူးပြု၍ပြန်လာပေးပါ။ အာဏာရှင်ကို တကယ်တော်လှန်နေတဲ့ တော်လှန်ရေးသမားတွေ မပြည့်စုံတဲ့နေရာတွေ မိုးတို့ပြန်ကူညီထောက်ပံ့ပေးမလို့ပါရှင်”လို့ ထောက်ပို့မမိုးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

စောအင်္ဂလိပ်က BGF ထံ လက်နက်တွေယူဆောင်ပြီး ခိုလှုံပူးပေါင်းသွားတဲ့အကြောင်း ထောက်ပို့မမိုးက Live လွှင့် ပြောရာမှာလည်း နယ်ဒါးမြဟာ စစ်မတိုက်ဘဲ ကိုယ်ကျိုးစီးပွားရှာနေတာ၊ စောစလုံးကို ရာထူးချလိုက်တော့ စောအင်္ဂလိပ်က အရက်သောက်ဖော်သောက်ဖက်မရှိတော့တာကြောင့် ဘက်ပြောင်းသွားတာ၊ ဒီလိုမျိုး BGF ဘက်ပြောင်းအောင်လည်း စောစလုံး ချိတ်ဆက်ပေးလိုက်တာ၊ အခုဆိုရင် ကော်သူးလေတပ်မတော်မှာ နယ်ဒါးမြနဲ့ သူ့အမျိုးတွေပဲကျန်ခဲ့ပြီး လက်နက်လူသူမရှိတော့တာတွေ ပြောဆိုထားသလို အဲဒီလို ထောက်ပို့မမိုး Live လွှင့်ပြောဆိုထားတာကိုလည်း စောအင်္ဂလိပ်က မျှဝေထားတာ တွေ့ရပါတယ်။

KTLA ထူထောင်သူ ဗိုလ်နယ်ဒါးမြဟာ အရင်က KNU လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) စစ်ဦးစီးချုပ်ဖြစ်ပေမဲ့ ဝေါလေဒေသ တံတားလုပ်ငန်းခွင်က အရပ်သား ၂၅ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး KNU ရဲ့ စုံစမ်းစစ်ဆေးမှုကို လက်မခံတဲ့အပြင် ၂၀၂၂ ခုနှစ် ဇူလိုင် ၁၉ ရက်မှာ KTLA ကို ခွဲထွက်တည်ထောင်ခဲ့လို့ KNU က ထုတ်ပယ်ခံခဲ့ရတာပါ။ နယ်ဒါးမြဟာ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှာလည်း ကော်သူးလေအစိုးရကိုတည်ထောင်ပြီး သမ္မတအဖြစ် ခံယူခဲ့ပါသေးတယ်။ နယ်ဒါးမြရဲ့ PDF ခုတုံးလုပ် ကိုယ်ကျိုးရှာမှုတွေကြောင့် လက်အောက်ခံ Venom စစ်ကြောင်းကလည်း ကော်ဘရာစစ်ကြောင်းနဲ့ ပူးပေါင်းခဲ့သလို ဗိုလ်နယ်ဒါးမြလက်အောက်ခံ ဗိုလ်စလုံးရဲ့ ဆင်ဖြူစစ်ကြောင်းကလည်း ငယ်သား PDF တွေ ခွဲထွက်မှု၊ NUG ဩဇာခံ ပခုက္ကူခရိုင်တပ်ရင်း (၁၀) ထံက ထိုင်းဘတ်ငွေ ၁၇ သိန်းလိမ်လည်မှု၊ မုဒိမ်းလူသတ်မှု၊ PDF အများအပြားသေအောင်လက်နက်ကြီးနဲ့ပစ်ခတ်မှု၊ အဒီပစ်ခတ်မှုဖော်ထုတ်တဲ့ PDF ရဲရင့်ကို မိသားစုသတ်မယ်ခြိမ်းခြောက်လို့ ရဲရင့်က ကိုယ့်ကိုယ်ကိုယ်သတ်သေမှု စတဲ့ အပုပ်နံ့များစွာလည်း အတည်ပြုထွက်ပေါ်ခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *