October 20, 2024

၃. ၆. ၂၀၂၄
Written by Nyein Kyaw

ရွှေဈေးနှုန်း မတည်ငြိမ်အောင် ပြုလုပ်သူ ၂၁ ဦးအား ဖမ်းဆီးအရေးခဲ့ပြီး နောက်ကွယ်မှစေခိုင်းသူ ရွှေဆိုင်ပိုင်ရှင်နှင့်ပွဲစားများကိုပါ ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် ပြည်တွင်းရွှေနှုန်း ယနေ့ ဈေးနှုန်းဖွင့်ချိန်တွင် ယခင်တစ်ပတ် ဈေးနှုန်းပိတ်ချိန် (သောကြာနေ့) ထက် ကျပ် ၃၄၀,၀၀၀ ချက်ချင်းကျဆင်းခဲ့ကြောင်း ပြည်တွင်းရွှေအရောင်းအဝယ်ဈေးကွက်မှ သိရသည်။

ပြီးခဲ့သည့် မေလနောက်ဆုံးအပတ်အတွင်း ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စ ဒေါ်လာ ၂၃၄၀ ဝန်းကျင်ဖြင့်သာ ဈေးနှုန်းတည်ငြိမ်မှုရှိသော်လည်း ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၅၈ သိန်းကျော်အထိ မြင့်တက်ခဲ့၍ ရွှေဈေးနှုန်းဆွဲတင်ကာ နိုင်ငံ့စီးပွားရေး မတည်ငြိမ်အောင် ဆောင်ရွက်ခဲ့သူ ၂၁ ဦးနှင့် နောက်ကွယ်မှ စေခိုင်းသူ နာမည်ကြီးရွှေဆိုင်များဖြစ်သည့် အောင်သမာဓိ၊ ဇွဲထက်၊ ဝိန့်စိန်၊ အကယ်ဒမီ အပါအဝင် ရွှေဆိုင်ပိုင်များနှင့် ပွဲစား ၁၀ ဦးမှာလည်း ထွက်ပြေးတိမ်းရှောင်နေ၍ ဖမ်းဝရမ်းထုတ်ထားကြောင်း ဇွန်လ ၂ ရက် (ယမန်နေ့)တွင် SAC မှ ထုတ်ပြန်ခဲ့သည်။

ယင်းကဲ့သို့ ထုတ်ပြန်ခဲ့ပြီးနောက် ယနေ့တွင် ပြည်တွင်းရွှေစျေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၅,၂၆၀,၀၀၀ အထိ ထိုးကျခဲ့ပြီး ယခင်တစ်ပတ် ဈေးနှုန်းပိတ်ခဲ့သည့် မေလ ၂၁ ရက် (သောကြာနေ့)တွင် ဖြစ်ပေါ်ခဲ့သည့် ကျပ် ၅၆ သိန်းနှင့် နှိုင်းယှဉ်လျှင် ကျပ် ၃၄၀,၀၀၀ ကျဆင်းခဲ့ခြင်းဖြစ်သည်။

ထို့အတူ မေလနောက်ဆုံးအပတ်အတွင်း တစ်ဒေါ်လာလျှင် ကျပ် ၄၈၀၀ ခန့်အထိ မြင့်တက်ခဲ့သည့် ဒေါ်လာဈေးသည်လည်း ယခင်တစ်ပတ်ဈေးနှုန်းပိတ်ချိန်တွင် ကျပ် ၄၅၀၀ အထိကျဆင်းခဲ့ပြီး ယနေ့ ဈေးနှုန်းဖွင့်ချိန်တွင် ကျပ် ၄၂၅၀ အထိထပ်မံကျဆင်းခဲ့သည်။ အမြင့်ဆုံးဈေးနှုန်းထက် ကျပ် ၅၅၀ ကျဆင်းခဲ့သလို အရေးယူမှုများ မပြုလုပ်မီ ယခင်တစ်ပတ် ဈေးနှုန်းပိတ်ချိန်ထက် ကျပ် ၂၅၀ ထပ်မံကျဆင်းခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) အနေဖြင့် ယခင်က ရည်ညွှန်းရွှေဈေးနှုန်းအား အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၉၉၉,၀၀၀ ဝန်းကျင်သာ သတ်မှတ်ခဲ့ရာမှ ဇွန်လ ၁ ရက်မှစတင်၍ ကျပ် ၄,၁၄၀,၂၀၀ သတ်မှတ်ခဲ့သည့်အတွက် ပြည်တွင်းဈေးနှုန်းသည် အဆိုပါသတ်မှတ်ဈေးနှုန်း ကျပ် ၄၁ သိန်းဝန်းကျင်အထိ ထပ်မံကျဆင်းလာနိုင်ကြောင်း ရွှေလုပ်ငန်းရှင်များက သုံးသပ်ထားကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *