October 20, 2024

၃.၆.၂၀၂၄
Written By Thandar

ပရိသတ်ချစ်ခင်မှုများစွာရရှိထားတဲ့ သရုပ်ဆောင် အကယ်ဒမီခင်ဝင့်ဝါကတော့ “ချစ်သောနှင်းဆီ” ဇာတ် လမ်းတွဲမှာ မြကြေးမုံကာရိုက်တာ ပီပြင်ဖို့အတွက် အလှအပကိုဦးစားမပေးဘဲ ကာရိုက်တာပီပြင်ဖို့အတွက်ဦးစားပေးသရုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။

“ဝင့်ဝါ မြကြေးမုံကာရိုက်တာကို အကောင်းဆုံး ပုံဖော်ထားပါတယ်။ သာမာန် Market တစ်ခုမှာအလုပ်လုပ်တဲ့သူဆိုတော့ မိတ်ကပ်ပိုင်းလည်း လျှော့ထားတယ်။ ဘဝသမားလေးဆိုတော့ မိဘကြည့်ရှုစောင့်ရှောက်ရတဲ့ သမီးဆိုတော့လေ။ ဇာတ်လမ်းတွဲဆိုတော့ ဝင့်ဝါအတွက် ကိုယ့်ရဲ့ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး ပရိသတ်ကို အပိုင်းအလိုက်ဆွဲခေါ်နိုင်ပါ့မလားတော့ စိုးရိမ်မိတယ်။ မြကြေးမုံ ဖြစ် မဖြစ်ကတော့ ပရိသတ် ဝေဖန်အားပေးမှုကိုပဲ ရင်ခုန် စိတ်လှုပ်ရှားနေပါတယ်။ ဝင့်ဝါကတော့ ကာရိုက်တာကိုပဲ ဦးစားပေးသရုပ်ဆောင်ခဲ့တာပါ။ ကိုယ်တိုင်က သရုပ်ဆောင်ဖြစ်တဲ့အတွက် အလှအပက အရေးမကြီးဘူး။ ဝင့်ဝါဘယ်လိုပုံစံနေနေ ပရိသတ်က ခင်ဝင့်ဝါဆိုတာ သိနေတာပဲလေ။ ကာရိုက်တာပီပြင်ဖို့ပဲလိုတာမို့ ကာရိုက်တာကို ဦးစားပေးလုပ်ခဲ့တာပါ”လို့ ခင်ဝင့်ဝါက ပြောပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲကို ဇာတ်ညွှန်း ညမွှေးပန်း ၊ ငွေစင်သွန်း တို့က ရေးသားပြီးတော့ ဇာတ်လမ်းနဲ့ ဒါရိုက်တာ အောင်ချမ်းလူက သရုပ်ဆောင်တွေဖြစ်တဲ့ အေးချမ်းမောင် ၊ အကယ်ဒမီ ခင်ဝင့်ဝါ ၊ အကယ်ဒမီ မြတ်ကေသီအောင် ၊ စင်ဒီမြတ် ၊ ဝီလျှံမင်းမြတ် ၊ မင်းအာကာ ၊ သုန္ဒြေဦး ၊ ဟန်နီဇော် ၊ စင်သီယာ ၊ ကောင်းညှိလင်း ၊ ပြည့်စုံသူ ၊ မြတ်အမရာ စတဲ့သူတွေနဲ့ ရိုက်ကူးထားပါတယ်။

အပိုင်း ၂၀ ပါဝင်တဲ့ ချစ်သောနှင်းဆီ ဇာတ်လမ်းတွဲကို လက်ရှိ Mahar Application ကအပိုင်း ၈ အထိ ထုတ်လွှင့်ပြသနေချိန် စိတ်ဝင်စားမှု မြင့်တက်နေတာလည်း ဖြစ်ပါတယ်။

“ကိုအေးချမ်းမောင်က အိုက်တင်ပိုင်းကို ဖွင့်သရုပ်ဆောင်သူမို့ အေးချမ်းမောင်က အားနာတတ်တယ်။ သူက Acting ကို ဖွင့်လုပ်တတ်သူမို့ တစ်ဖက် Actor ကို ထိသွားမှာ ကြောက်တာပေါ့နော်။ ဂရုစိုက်ပြီး သူလုပ်နေရတယ်။ ဝင့်ဝါကရတယ် အားမနာနဲ့ ပြောလိုက်တဲ့အခါ ပီပြင်အောင်ကြိုးစားသရုပ်ဆောင်ထားတယ်” လို့ သူမက ဆက်ပြောပါတယ်။

“ချစ်သောနှင်းဆီ” ဇာတ်လမ်းတွဲကို တနင်္လာနေ့ကနေ သောကြာနေ့အထိ အပတ်စဥ် ည ၇ နာရီတိုင်းမှာ HD Quality နဲ့ Mahar Application က ကြည့်ရှုနိုင်တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *