October 20, 2024

၃.၆.၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းအိုးပြည်နယ်၊ အက်ကရွန်မြို့တွင် ဇွန်လ ၁ ရက်ည သန်းခေါင်ကျော်လွန်ပြီး မေလ ၂ ရက် နံနက်ပိုင်းသို့ အကူးအချိန်၌ မွေးနေ့ပါတီပွဲတစ်ခုအတွင်း လူအစုလိုက်အပြုံလိုက် ပစ်ခတ်မှုတစ်ရပ်ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၇ ဦး ကျည်ထိမှန်ခဲ့ပြီး ၎င်းတို့အနက် တစ်ဦးမှာ သေဆုံးခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုများက ညသန်းခေါင်ကျော်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားရာနယ်မြေအတွင်း ဒဏ်ရာရသူများနှင့်သက်ဆိုင်သော ဖုံးဆက်အကြောင်းကြားမှုများကို ရဲတပ်ဖွဲ့က လက်ခံရရှိခဲ့သည်။ သတင်းများအရ ပစ်ခတ်မှုက အက်ကရွန်မြို့၏ Kelly Avenue နှင့် 8th Avenue တို့အနီးတွင်ဖြစ်ပွားခဲ့ကာ သေဆုံးသူမှာ အသက် ၂၇ နှစ်ရှိအမျိုးသားတစ်ဦးဖြစ်ပြီး ကျန် ဒဏ်ရာရသူ အနည်းဆုံး ၂၆ ဦးကို ဆေးရုံများသို့တင်ပို့ခဲ့သည်။

ပစ်ခတ်မှုဖြစ်ပွားရခြင်း၏ အကြောင်းရင်းကိုမသိရှိရသေးဘဲ ပစ်ခတ်မှုတွင် သံသယရှိသူများကိုလည်း ရဲတပ်ဖွဲ့ကဖော် ထုတ်နိုင်ခြင်းမရှိသေးကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။

အာဏာပိုင်များက စိတ်ချလုံခြုံမှုရှိစေရန်နှင့် စုံစမ်းစစ်ဆေးမှုအဆင်ပြေချောမွေ့စေရန်အတွက် အများပြည်သူအား အချင်းဖြစ်နေရာတစ်ဝိုက်ကို ရှောင်ကွင်း၍သွားကြရန် တိုက်တွန်းထားသည်။ မျက်မြင်တွေ့ ရှိရသူများက ပစ်ခတ်မှုများကြောင့် ဝရုန်းသုန်းကားအခြေအနေဖြစ်ခဲ့ရကာ သေနတ်သံများနှင့်အတူ မွေးနေ့ပါတီပွဲအတွင်းမှ လူများထွက်ပြေးလာခဲ့ကြကြောင်း ပြောခဲ့သည်။

ယခုဖြစ်ရပ်အထိ အမေရိကန်ပြည်ထောင်စု၌ ၂၀၂၄ ခုနှစ်အတွင်း လူအစုလိုက်အပြုံလိုက်ပစ်ခတ်မှုပေါင်း ၂၃၂ ကြိမ်ဖြစ်ပွားခဲ့ပြီးဖြစ်ကာ လူ ၃၁၈ ဦးသေဆုံးခဲ့ရပြီး ၈၃၆ ဦးဒဏ်ရာရခဲ့သည်။

Ref-Outlook

Leave a Reply

Your email address will not be published. Required fields are marked *