October 20, 2024

၃.၆.၂၀၂၅
Written By Zun

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့(၄)ရပ်ကွက်တွင် အသက် ၅၀ ခန့်လူလတ်ပိုင်း၊ ကားရောင်းကားဝယ်လုပ်ငန်းလုပ်ကိုင်သူ ဦးဝူဆီးပါးဆိုသော လုပ်ငန်းရှင်တစ်ဦးအား PDF က ပြန်ပေးဆွဲသွားမှု ယမန်နေ့ ဇွန်လ ၂ ရက် ညနေပိုင်းက
ဖြစ်ပွားခဲ့ကြောင်းသိရသည်။

“မနေ့က ညနေ ၅ နာရီခွဲလောက်ကဖြစ်တာ။ မူဆယ် ၄ ရပ်ကွက်၊ ရွှေသမင်ကုန်းဆင်းနားမှာ။အခုတော့ အဲဒါကို PDF က ဆွဲသွားတာလို့ပဲ သိထားကြတယ်။ အားလုံးကလည်း PDF ပဲ ပြောနေကြတာလေ။ အသက် ၅၀ လောက်ရှိတယ်။ ဦးဝူဆီးပါး သူ့နာမည်က။ လူမျိုးက တရုတ်ပေမဲ့ မြန်မာနိုင်ငံသားပဲ။သက်ဆိုင်ရာကို တိုင်ထားတာမရှိဘူး။ မူဆယ်မှာက ပြန်ပေးဆွဲတာကို တိုင်တာမျိုး မလုပ်ရဲကြဘူး။ သူက သာမန်လုပ်ငန်းရှင်ပါပဲ။ ကားအရောင်းအဝယ်လုပ်တာ”ဟု မူဆယ်မြို့ခံတစ်ဦးက MT News ကို ပြောသည်။

အဆိုပါပြန်ပေးဆွဲခံရသူက ယင်း၏နေအိမ်ခြံတံခါးအနီးထိုင်၍ ဖုန်းသုံးနေစဉ် အဖြူရောင် ကားငယ်တစ်စီးရောက်လာပြီး မျက်နှာဖုံးစွပ်လက်နက်ကိုင်သုံးဦး ထွက်လာကာ လုပ်ငန်းရှင်ကို ရိုက်နှက်ဆွဲခေါ် ကားပေါ်တင်မောင်းနှင်သွားခြင်းဖြစ်ကြောင်း သိရသည်။

မူဆယ်တွင် PDF က ပြန်ပေးဆွဲ၊ ဓားပြတိုက်၊ ဆက်ကြေးတောင်းသည့် ဖြစ်စဉ်များ မကြာခဏ ပြုလုပ်နေသည့်အတွက် စီးပွားရေးလုပ်ငန်းရှင်အချို့ မူဆယ်မြို့တွင် မနေတော့ဘဲ မန္တလေးနှင့် ရန်ကုန်တို့၌ ရွှေ့ပြောင်းနေထိုင်နေကြကြောင်းလည်း အမည်မဖော်လိုသည့် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက MT News ကို ပြောသည်။

“ကျွန်တော်တို့က မူဆယ်ကို ၂၀၂၃ ခုနှစ် နှစ်ကုန်လောက်ကပဲ စွန့်လာတယ်လို့ ပြောရမှာပေါ့။ ဒဏ်ကိုမခံနိုင်တော့ဘူး။ ကြာရင်အသက်အန္တရာယ်ပါ စိုးရိမ်ရတယ်။ ပိုက်ဆံဘယ်လောက်ပေးပါဆိုတာကို မကြာခဏ တောင်းတာလေ။ ကားအကြီးတွေဆိုရင် အကြိမ်ကြိမ်။ ကျွန်တော်တို့ ကုန်ကားတွေ တောင်းခံရတာ တစ်ခါတောင်းရင် သိန်းကိုဆယ်နဲ့ချီတယ်။ မခံနိုင်ဘူး။ မူဆယ်မှာ ရှိတဲ့အဖွဲ့တွေနဲ့ PDF တွေက ပေါင်းတာ။သူတို့ပဲ ဒါကိုကျူးလွန်နေတာ”ဟု ယင်းက ပြောသည်။

မူဆယ်မြို့တွင် တပ်မတော်၊ပြည်သူ့စစ်တို့ရှိနေသော်လည်း TNLA ၊ AA ၊ MNDAA၊ KIA ၊ PDF၊ SSA တို့လည်း အင်အားကောင်းစွာ ရှိနေကြောင်းလည်း သိရသည်။

ပုံစာ။ လုပ်ငန်းရှင်အား PDF ဆိုသူများ ပြန်ပေးဆွဲမှုမှတ်တမ်းမြင်ကွင်း။

Leave a Reply

Your email address will not be published. Required fields are marked *