October 20, 2024

၃.၆.၂၀၂၄
Written By Nay Moe

ဇွန်လ ၁ ရက် နံနက် ၈ နာရီ ၄၅ မိနစ်က ကွယ်လွန်သွားခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းနှင့် NLD ပါတီ၏ နာယက သူရဦးတင်ဦး၏ စျာပနကို ဇွန်လ ၅ ရက်ညနေ ၄ နာရီတွင် ရေဝေးသုသာန်၌ ဂူသွင်းသင်္ဂြိုဟ်မည်ဖြစ်သည်။

သူရဦးတင်ဦးသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးရောဂါကုသဆောင်တွင်ဆေးကုသမှုခံယူခဲ့ရပြီး ‌စိုးရိမ်ရ‌သောကြောင့် အထူးကြပ်မတ်ကုသဆောင်သို့ မေလ ၃၀ ရက်က ပြောင်းရွှေ့ကုသသော်လည်း ဇွန်လ ၁ ရက်နံနက်ခင်းတွင် တိမ်းပါးခဲ့ခြင်းဖြစ်သည်။

ဦးတင်ဦး၏ အသုဘလိုက်လံပို့ဆောင်လိုသူများအတွက် ဗဟန်းမြို့နယ်၊ ဗောဓိရိပ်သာ၊ သံလွင်လမ်း၊ အိမ်အမှတ်(၃၀) နေအိမ်မှကားများ မွန်းလွဲ ၁ နာရီတွင်ထွက်ခွာမည်ဖြစ်ပြီး ရေဝေးသုသာန် ခန်းမဆောင် ၁(က) တွင် မွန်းလွဲ ၂ နာရီခွဲအချိန် စျာပနာအခမ်းအနားပြုလုပ်ကာ ညနေ ၄ နာရီ၌ ဂူသွင်းသင်္ဂြိုဟ်ပြီးနောက် ကွယ်လွန်သူအားရည်စူး၍ ဘုရားအမှူးရှိသော ပင့်သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်း၊ သင်္ကန်းစသောဒါတဗ္ဗဝတ္ထုအစုစုတို့အား ဆက်ကပ်လှူဒါန်းအမျှပေးဝေမှု ရက်လည်အခမ်းအနားအား ဇွန်လ ၇ ရက် နံနက် ၇ နာရီမှ ၁၀ နာရီအထိပြုလုပ်သွားမည်ဖြစ်သည်။

မှတ်ပုံပြန်လည်မတင်သဖြင့် တရားဝင်ပါတီအဖြစ် မရပ်တည်နိုင်တော့သော NLD ပါတီအား စတင်တည်ထောင်ခဲ့သည့် “အောင်စုတင်”(ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး)သုံးဦးထဲမှ တစ်ဦးတည်းသာကျန်ရှိတော့သော ဒေါ်အောင်ဆန်းစုကြည်မှာ အဂတိလိုက်စားမှုများစွာဖြင့် ထောင်ဒဏ်ကျခံနေရသော်လည်း ဦးတင်ဦး၏စျာပနာအတွက် လွမ်းသူပန်းခြင်းကိုမူ ခြံအမှတ်(၅၄) နေအိမ်မှတစ်ဆင့် ပေးပို့ခဲ့သည်ကိုလည်း တွေ့ရှိရသည်။

သူရဦးတင်‌ဦးသည် ၁၉၇၄ ခုနှစ် မတ်လမှ ၁၉၇၆ ခုနှစ် မတ်လအထိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး ဇေယျကျော်ထင်နှင့် သူရဘွဲ့ရရှိထားကာ ကွယ်လွန်ချိန်တွင် အသက် (၉၈) နှစ်ရှိပြီဖြစ်သည်။

ပုံစာ။ ဦးတင်ဦး၏ စျာပနာပုံရိပ်အချို့ (Photo – CJ)

Leave a Reply

Your email address will not be published. Required fields are marked *