October 21, 2024

နောက်ကွယ်မှခိုင်းစေသူ ၁၀ ဦးတွင် အောင်သမာဓိ၊ ဇွဲထက်၊ ဝိန့်စိန် ရွှေဆိုင်ပိုင်ရှင်များ ပါဝင်နေပြီး အားလုံး ထွက်ပြေးတိမ်းရှောင်နေ

၂. ၆. ၂၀၂၄
Written by Tha Doe

အောင်သမာဓိ၊ ဇွဲထက်၊ ဝိန့်စိန် ရွှေဆိုင်ပိုင်ရှင်များအပါအဝင် ပြည်တွင်းရွှေဈေးကွက်အတွင်း ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ပြုလုပ်နေသူ ၂၁ ဦးကို ဖော်ထုတ်ဖမ်းဆီးအရေးယူထားရာမှ နောက်ကွယ်မှခိုင်းစေသူ တရားခံ ၁၀ ကိုဖော်ထုတ်နိုင်ခဲ့ကြောင်း SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယခုထုတ်ပြန်သည်။

နိုင်ငံတော်အစိုးရက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ဝိသမလောဘသားများအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား အနှောင့်အယှက်အဟန့်အတားဖြစ်စေရန် ရည်ရွယ်၍ ပြည်တွင်းရွှေဈေးကွက်အတွင်း အရောင်းအဝယ်တစ်ကယ်မဖြစ်သည့် လေပတ်ကား ရွှေဈေးနှုန်းများကို လူမှုကွန်ရက်မီဒီယာများမှတစ်ဆင့် ဝါဒဖြန့်ချိ၍ ရွှေဈေးနှုန်းများအား ဈေးကစားပြီး နိုင်ငံ့စီးပွားရေးမငြိမ်မသက်ဖြစ်စေရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည့်အတွက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများမှ ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ခဲ့ရာ ရွှေဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်လျက် ရှိသည့် တရားမဝင်ရွှေအရောင်းအဝယ်ပြုလုပ်နေသည့် ပွဲစားများအပါအဝင် စုစုပေါင်း တရားခံ ၂၁ ဦးအား ဖော်ထုတ်ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

၎င်းတို့၏ထွက်ဆိုချက်များအရ ပြည်တွင်းရွှေဈေးကွက်အတွင်း ဈေးနှုန်းမတည် မငြိမ်ဖြစ်အောင် နောက်ကွယ်မှ ဆောင်ရွက်လျက်ရှိသည့် စိန်ကျော်မိုးရွှေဆိုင်မှာ ဦးကျော်ငြိမ်း၊ အကယ်ဒမီရွှေသန့်စင်လုပ်ငန်းမှ ဦးမျိုးသူဝင်း၊ ခရမ်းသုံးခွရွှေဆိုင်မှ ဦးသက်နောင်ဝင်း၊ ဇွဲထက်ရွှေဆိုင်မှ ဦးဆန်းဝင်း၊ အောင်သမာဓိရွှေဆိုင်မှ ဦးအောင်ဆန်းဝင်း၊ ဝိန့်စိန်ရွှေဆိုင်မှ ဦးအောင်ကောင်းမြတ်၊ ရွှေဇင်ဝင်းရွှေသန့်စင်လုပ်ငန်းမှ ဦးအေးကြူနှင့် ပွဲစားများဖြစ်သော ဦးကျော်ဝင်း(ခ)ပန်းသီး၊ ဦးညီညီဦး (ခ) ချက်ကြီးနှင့် ဒေါ်တင်တင်ခိုင်(ခ) စန္ဒာတင်တို့ တရားခံ ၁၀ ဦးအား ဥပဒေနှင့်အညီ ခေါ်ယူစစ်ဆေးနိုင်ရေးဆောင်ရွက်ခဲ့ရာ ၎င်းတို့သည် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ၏ ဖမ်းဆီးခြင်းမခံရစေရန် ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုကဲ့သို့ ပြည်တွင်းရွှေဈေးကွက်အတွင်း ရွှေဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်လျက်ရှိသည့် တရားမဝင် ရွှေအရောင်းအဝယ်ပြုလုပ်နေသည့်ပွဲစားများ အပါအဝင် ဖမ်းဆီးရမိတရားခံ စုစုပေါင်း ၂၁ ဦးအား တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် တရားခံ ၁၀ ဦးအားလည်း ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး မိဘ ပြည်သူများအနေဖြင့် အဆိုပါထွက်ပြေးတိမ်းရှောင်နေသည့်တရားခံများအား သိရှိပါက သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများထံ လျှို့ဝှက်စွာသတင်းပေးပို့နိုင်ကြောင်း အသိပေး သတင်းထုတ်ပြန်အပ်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *