October 20, 2024

၂. ၆. ၂၀၂၄
Written by Nay Moe

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ခလရ(၄၀၇)တပ်ရင်းမှ ဗိုလ်ကြီး ဇင်ဝင့်အောင် မောင်းနှင်လာသည့် အိမ်စီးကားမှာ ရေဖြူဘက်မှထားဝယ်မြို့ဘက်သို့ မောင်းနှင်လာကြောင်း သတင်းပေးမှုအရ ရေဖြူ PDF နှစ်ဖွဲ့က လမ်းဘေးမှ ချောင်းမြောင်းပစ်ခတ်၍ မော်တော်ယာဥ်တိမ်းမှောက်ကာ ယာဥ်ပေါ်ပါလာသူများ သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ထားဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော်(DNLA)နှင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPPDF)တို့မှ ဇွန်လ ၁ ရက် နံနက် ၁၁ နာရီခန့်က ပူးပေါင်းလုပ်ဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ရေဖြူ PDF များ၏ လမ်းဘေးမှ စောင့်ဆိုင်း ချောင်းမြောင်း ပစ်ခတ်မှုကြောင့် ဗိုလ်ကြီးဇင်ဝင့်အောင်၊ အမျိုးသမီးနှင့် ကလေး၂ ဦးတို့ပါ သေဆုံးခဲ့သည်ဟု ဒေသတွင်းသတင်းများအရ သိရသော်လည်း YPPDF ၏ ထုတ်ပြန်ချက်တွင်မူ အမျိုးသမီးနှင့် ကလေးငယ်နှစ်ဦးကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့သည်၏ ဖုံးကွယ်ဖော်ပြထားပြီး MT News ၏ ကနဦးစုံစမ်းမှုအရလည်း အမျိုးသမီးနှင့် ကလေးငယ်နှစ်ဦးမှာ ဆက်သွယ်မရဘဲ ပျောက်ဆုံးနေသည်ဟု သိရသည်။

ရေဖြူ PDF များအနေဖြင့် ဗိုလ်ကြီးဇင်ဝင့်အောင် မိသားစုကို ချောင်းမြောင်းပစ်ခတ်ပြီးနောက် ဖုန်းနှင့် Tablet လေးလုံး၊ မော်တော်ယာဥ်ပိုင်ဆိုင်မှုများ၊ ပိုက်ဆံအိတ်၊ မော်တော်ယာဥ်အားလုံးကို လုယက်သိမ်းယူထားသည်ဟုလည်း သိရသည်။

MT News သတင်းဌာနအနေဖြင့် ဗိုလ်ကြီးဇင်ဝင်အောင် ယာဥ်ပေါ်ပါ အမျိုးသမီးနှင့် ကလေးငယ်နှစ်ဦး အမှန်တကယ်လွတ်မြောက်ခြင်းရှိမရှိနှင့် သေဆုံးသွားသည်ဆိုခြင်း မှန်မမှန် ဆက်လက်စုံစမ်းနေပြီး ထပ်မံသိရှိရပါက ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။

ပုံစာ။ YYPDF ထုတ်ပြန်ချက်ပုံရိပ်များနှင့် သိမ်းယူထားသည့်ပစ္စည်းများ။

Leave a Reply

Your email address will not be published. Required fields are marked *