October 21, 2024

၂.၆. ၂၀၂၄
Written by Shwe Phyo

မြန်မာနိုင်ငံ၏ ကားရောင်းချနိုင်မှုသည် ပြီးခဲ့သောနှစ်နှင့် နှိုင်းယှဉ်လျှင် ပိုမိုတိုးတက်ကောင်းမွန်လာခဲ့ကြောင်း အာဆီယံမော်တော်ကားထုတ်လုပ်ရောင်းချသူများအသင်းချုပ် Asean-Autofed (Asean Automotive Federation) ၏ ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီကုန်အထိ ကားအစီးရေစုစုပေါင်း ၁၂၂၀ စီးရောင်းချနိုင်ခဲ့ပြီး ပြီးခဲ့သော ၂၀၂၃ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်လျှင် ၇၂ ရာခိုင်နှုန်းကျော် တိုးတက်လာခဲ့ကြောင်း သိရသည်။

ပြီးခဲ့သော ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ဧပြီလကုန်အထိ မြန်မာနိုင်ငံ၏ ကားရောင်းချနိုင်မှုသည် အစီးရေစုစုပေါင်း ၇၀၈ စီးသာရှိခဲ့ကြောင်း အာဆီယံ မော်တော်ကား ထုတ်လုပ်ရောင်းချသူများအသင်းချုပ်၏ ဖော်ပြချက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလက ကားအစီးရေ ၂၈၆ စီး၊ ဖေဖော်ဝါရီလအတွင်း ကားအစီးရေ ၂၇၈ စီး၊ မတ်လတွင် ကားအစီးရေ ၃၃၈ စီး၊ ဧပြီလတွင် ကားအစီးရေ ၃၁၈ စီးရောင်းချနိုင်ခဲ့ကြောင်း အဆိုပါအဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် မြန်မာနိုင်ငံ၏ ကားရောင်းချနိုင်မှုအရေအတွက်သည် အာဆီယံဒေသအတွင်းရှိအခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်မူ များစွာလျော့နည်းကျဆင်းနေကြောင်း သိရသည်။ အာဆီယံဒေသတွင်းနိုင်ငံများအနက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ကားအများဆုံးရောင်းချနိုင်သောနိုင်ငံများစာရင်းတွင် အင်ဒိုနိးရှားနိုင်ငံက ထိပ်ဆုံး၌ရပ်တည်နေပြီး လေးလအတွင်း ကားအစီးရေ ၂၆၃၇၀၆ စီးရောင်းချနိုင်ခဲ့ကာ မလေးရှားနိုင်ငံက ၂၆၀၂၃၆ စီး၊ ဖိလစ်ပိုင်နိုင်ငံက ၁၄၆၉၂၀ စီး ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် စင်ကာပူနိုင်ငံက ၂၀၂၄ ခုနှစ် ပထမလေးလအတွင်း ကားအစီးရေစုစုပေါင်း ၁၄၇၄၄ စီး၊ ထိုင်းနိုင်ငံက ကားအစီးရေ ၂၁၀၁၃၈ စီး၊ ဗီယက်နမ်နိုင်ငံက ကားအစီးရေ ၈၂၅၁၅ စီးရောင်းချနိုင်ခဲ့ကြောင်း Asean-Autofed အဖွဲ့ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

REF asean-autofed

Leave a Reply

Your email address will not be published. Required fields are marked *